Slideshow Image 2

လိုင်ဇာမြို့မှာ ရင်ဖွင့်သံများ

 ၂၀၁၃ မတ်လ (၁၃)ရက်၊ တော်လှန်ရေးမြို့တော် - လိုင်ဇာ
၃။ မြင်းခြံ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့မှ မငယ်ငယ်ထွေး၏ လှိုက်လှိုက်လှဲလှဲ ရင်ဖွင့်သံ။
     - ကျမက ဗန်းမော်သူပါ။ မြင်းခြံအဖွဲ့က ချီတက်လာတာကို လိုက်ပို့ရင်း ပါလာတာပါ။ အမေကတော့ ခွင့်မပြုဘူး။ အသွားအပြန် ငါးရက်ဘဲ ကြာမယ်လို့ အမေ့ကိုပြောထားခဲ့ပေမယ့်၊ မုန်လိုင်ချောင်း တံတားဦးမှာတင် ငါးရက်ကြာသွားတယ်။
     - စရောက်တဲ့ မတ်လဆန်း ၉ရက်နေ့က လဂျားယန် အစိုးရ စစ်တပ်က လုံခြုံရေး အကြောင်း ပြပြီး ဟန့်တားတယ်။ ထမင်း ၂ နပ်ချက်ကျွေးတော့ စားလိုက်ကြတယ်။ ညကျတော့ စဉ်းစား ကြတယ်။ သူတို့ချက်တဲ့ထမင်းစားဖို့ လာတာမဟုတ်ဘူး။ အပန်းဖြေဖို့ လာတာလည်း မဟုတ်ဘူး။ သူတို့ကျွေးတာ စားပေးနေရင်၊ အဟန့်အတားက လွတ်မှာမဟုတ်ဘူး။ လိုင်ဇာအရောက် ချီတက်မယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။ 
     - နောက်တနေ့ ၁၀ ရက် နေ့ကျတော့ မစားဘဲ အငတ်ခံ ဆန္ဒပြကြတယ်။ အနီးအနားမှာ တဲဟောင်း၊ ဆိုင်ဟောင်းတွေ ရှိပေမဲ့၊ စစ်တပ်က မြင်သာတဲ့ နေရာတွေမှာ တဲထိုးပြီးနေကြတယ်။
 - ၁၁ရက်နေ့က တနေ့လုံးမိုးအုံ့ပြီး ညသန်းခေါင်မှာ လေကြီးမိုးကြီး ရွာချတယ်။ အနီးအနား ကတဲဟောင်း၊ ဆိုင်ဟောင်းတွေဆီ ပြေးပြီး မိုးခိုကြတယ်။ ဒုက္ခဖြစ်ကြတယ်။ စိတ်ဓါတ်တွေလည်း ကျလာတယ်။
- ၁၂ရက်နေ့မနက်မှာ မုန်လိုင်ချောင်းကနေ မျောချပေးတဲ့ စားစရာနဲ့ အားပေးစာ၊ ပုံတွေနဲ့ ဆက်သွယ်ဖို့ လက်ကိုင်ဖုန်း (၂) လုံးတို့ကို ရေထဲက ဆယ်ယူရရှိတော့ တအားဝမ်းသာပြီး စိတ်ဓါတ်တွေ တအားတက်လာကြတယ်။ ဘာဘဲဖြစ်ဖြစ် လိုင်ဇာအရောက် ချီတက်ကြ မယ်လို့ထပ်ပြီး စိတ်ပိုင်းဖြတ်ကြတယ်။
- ၁၃ရက်နေ့မနက် ၈း၃၀နာရီမှာ မုန်လိုင်ချောင်း တံတားကို ကျော်ဖြတ်ခွင့်ရရှိခဲ့ကြတော့ အောင်မြင်ပြီလို့ ဝမ်းသာအားရ အော်ဟစ်ပျော်ရွှင်ခဲ့ကြတယ်။ မလျှော့သောဇွဲကြောင့်အောင် မြင်ခြင်းပါဘဲ။
- ဒီနေ့ကျမရဲ့ ခံစားချက်ကို ဖွင့်ချရမယ်ဆိုရင်၊ ဒီပြင်းထန်တဲ့ ပြည်တွင်းစစ်ကြောင့်၊ ဟိုဘက်က ကျတယ် ဒီဘက်က ကျတယ် ဆိုတဲ့သတင်းတွေ ကြားရတော့ စိတ်မကောင်းဘူး။ စစ်သာမဖြစ်ရင် ဘယ်ဘက်ကမှ ကျစရာ အကြောင်းမရှိဘူး။ ဒီစစ်ကို ဒီတင်ရပ်ပစ်ဖို့ သူကစတော့ သူကစရပ်ရင် အားလုံးရပ်သွားမှာ ဖြစ်တယ်လို့ ရှင်းရှင်း နားလည်မိပါတယ်။
- ပြီးတော့၊ ကျမ သိပ်ကိုခံစားရတဲ့ အချက်တချက်ရှိတယ်။ မြို့တိုင်းမြို့တိုင်း လူစည်ကားတဲ့ မြို့လယ်ခေါင်မှာ သာမက မြို့တွင်းထဲ၊ ရပ်ကွက်ကြီးတွေထဲ တိုင်းရင်းသားတွေရဲ့ အိမ်ကောင်း ဆိုင်ကောင်းတွေကို ရှာမတွေ့ဘူး။ အားလုံးလူမျိုးခြား တရုတ်၊ ကုလားများသာဝယ်ယူ အခြေစိုက်ကုန်ကြတယ်။ ဒေသခံတိုင်းရင်းသားတွေဟာ ဆင်းရဲတော့ နဂိုနေရာကောင်းတွေကို ရောင်းပြီး မြို့ပြင်ဇနပုဒ် ရောက်ကုန်ကြတယ်။ ဒီမြင်ကွင်းဟာ ကျမအတွက် ခံရအခက်ဆုံး ပါဘဲ။
- ကျမတို့ တံတားဦးမှာ မိုးရွာပေမယ့် အားမွေးပြီး အောင်မြင်မှုရခဲ့ သလို၊ ဒီတော်လှန်ရေး မှာလည်း ပြည်သူတို့ စုပေါင်းအားမွေးပြီး ငြိမ်းချမ်းရေးပန်းတိုင်ဆီ ကြိုးစားချီတက် ကြမယ်ဆိုရင်၊ ဒီစစ်အမှန်အကန် ရပ်သွားပြီးတော့ ကျမတို့ ပြည်သူတွေ မျှော်လင့်နေတဲ့ အောင်မြင်မှု ရရှိမှာ ဖြစ်တယ်လို့ ဆန္ဒပြုရင်း နိဂုန်းချုပ်ပါတယ်။

မနောမြေ-စိန်

0 comments:

Post a Comment