Slideshow Image 2

ရွှေလီသဘောတူ ထုတ်ပြန်ချက်

(၁) ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်၍ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး အပါအ၀င် ကိုယ်စားလှယ်အဖွဲ့နှင့် KIO အမြဲတန်း ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော KIO ကိုယ်စားလှယ် အဖွဲ့တို့သည် ၂၀၁၃ ခုနှစ် မတ်လ (၁၁၊ ၁၂) ရက်နေ့များတွင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၊ ရွှေလီမြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

(၂) တွေ့ဆုံ ဆွေးနွေးပွဲသို့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) မှ ကိုယ်စားလှယ် (၄) ဦး ၊ SSPP မှ ကိုယ်စားလှယ်(၂) ဦး၊ RCSS မှ ကိုယ်စားလှယ် (၂) ဦး ၊ NDAA မှ ကိုယ်စားလှယ် (၂) ဦး၊ ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးတော်ဆောင်အဖွဲ့ (PCG)မှ ကိုယ်စားလှယ် (၄) ဦးနှင့် လေ့လာသူများအဖြစ် တရုတ် ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သံမှူးကြီး Mr.Wang Zongying နှင့် (၂) ဦးတို့ တက်ရောက်ခဲ့ပါသည်။

(၃) နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့သည်ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြပြီး အောက်ဖော်ပြပါ အချက်များကို သဘောတူညီ ကြပါသည်။

(က) စစ်မှန်သော နိုင်ငံရေး ဆွေးနွေးပွဲများကို စတင်နိုင်ရေးအတွက် အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ယုံကြည်မှုများကို အခြေခံပြီး ခိုင်မာသော အပစ်အခတ် ရပ်ဆိုင်းရေး ရရှိသည်အထိ ဆောင်ရွက်ရန် သဘော တူညီသည်။

(ခ) ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့ တွေ့ဆုံပွဲမှ ရလဒ်အဖြစ် တိုက်ပွဲများကို လျော့ချနိုင်ခဲ့သည် ဖြစ်ရာဆက်လက်၍လည်း ပြဿနာ ဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်ဖက် တပ်ဖွဲ့များ ဆိုင်ရာ ကိစ္စများကို ဆက်လက်၍ ညှိနှိုင်း ဆောင်ရွက်သွားမည်။ လိုအပ်သည့် ညွှန်ကြားချက် အမိန့်များကို နှစ်ဖက်တပ်များ သက်ဆိုင်ရာ အောက်ခြေ တပ်ဖွဲ့များအထိ ရောက်ရှိအောင် ညွှန်ကြား သွားရန် သဘောတူသည်။

(ဂ)ပဋိပက္ခ ဖြစ်ပွားသော ရှေ့တန်းစစ်မြေပြင်များကိုကွင်းဆင်း လေ့လာစောင့်ကြည့်နိုင်ရေး အတွက်နှင့် နှစ်ဖက်ပိုမိုနီးကပ်စွာ ညှိနှိုင်းဆောင်ရွက် နိုင်ရန်အတွက် ညှိနှိုင်းစောင့်ကြပ်ရေး ရုံးများကို နှစ်ဖက်ညှိနှိုင်း၍ လိုအပ်သလို ထားရှိသွားရန် သဘောတူသည်။

(ဃ) ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့ အစည်းအဝေးတွင် သဘောတူညီ ခဲ့ကြသည်များနှင့် ၂၀၁၃ ခုနှစ် မတ်လ (၁၁၊ ၁၂) ရက်နေ့ အစည်းအဝေးတွင် သဘော တူညီခဲ့ကြသည်များကို ဆက်လက်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရန် သဘောတူသည်။

(င) နောက်တစ်ကြိမ် ဆွေးနွေးမှုကို ၂၀၁၃ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့ မတိုင်မီ ကျင်းပသွားရန် သဘောတူသည်။

၎။ စစ်မှန်သော နိုင်ငံရေး ဆွေးနွေးမှုများ တစ်နိုင်ငံလုံး အတိုင်းအတာ ကျင်းပနိုင်ရန်အတွက် လိုအပ်သည်များကို တစ်ဆင့်ပြီး တစ်ဆင့် ဆက်လက် ညှိနှိုင်း ဆောင်ရွက် သွားကြမည် ဖြစ်ပါသည်။

1 comments:

Unknown said...

ပြည်သူတွေကို ချစ်မြတ်နိုးခြင်းနဲ့ မိမိပြည်နယ် မိမိနိုင် ငံတိုးတက်ဖို့ ငြိမ်းခြမ်းရေးကိုရအောင်ယူကြပါ အတူလက်တွဲနေထိုင်ကြရ အောင်

Post a Comment