Slideshow Image 2
Showing posts with label Mali Hka. Show all posts
Showing posts with label Mali Hka. Show all posts

မြစ်ဧရာဝတီကို နောက်ကြောင်းပြန်လှည့်ခွင့် လုံးဝမပြုတော့ပါ။ (အပိုင်း ၅)

၃၁-၃-၂ဝ၁၂

ယနေ့ ကြွရောက်လာတဲ့ ဆရာတော်ဘုရားနဲ့ ကျောင်းထိုင် ဘုန်းကြီး၊ အမျိုးသားလွတ်တော် ကိုယ်စားလှယ် လူကြီးနဲ့တကွ ဖိတ်ကြားထားသော ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီးများ၊ မိဘပြည်သူများ အားလုံးကို မင်္ဂလာပါလို့ ရှေးဦးစွာ နှုတ်ခွန်း ဆက်သလိုပါတယ်။ ပထမဦးစွာ ကျမ်းစာတစ်ပိုဒ်ကို အရင်ဖတ်ပါမယ်။ ကမ္ဘာဦးကျမ်း အခန်းကြီး ၁း၁၊ “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။” နောက်ပိုင်းမှာအသေးစိပ် ရှိပါတယ်။ ဤကမ္ဘာ မြေကြီးကို ဘုရားသခင်ဖန်ဆင်းထားတာ သိပ္ပံပညာရှင်တွေက နှစ်ပေါင်းဘယ်လောက်ကြာပြီလို့ ပြောသလဲ။ ကျနော်ကြား သိရတာက နှစ်သန်းပေါင်း ၇ဝဝ ကျော်ပြီလို့ သိရတယ်။ တရုတ်ပြည်မှာ ရှေးကမြုပ်သွားတဲ့ မြို့တစ်မြို့ကို တူးဖေါ် တွေ့ရှိခဲ့တယ်။ အဲဒီမြို့ဟာ နှစ်သန်းပေါင်း ၃ဝဝကျော်ရှိပြီတဲ့။ ဒါဟာ ဖြစ်နိုင်တဲ့ အခြင်းအရာတွေပဲ။ ဘုရားသခင်ဟာ ကမ္ဘာ မြေကြီးကိုဖန်ဆင်းရာမှာ အလုံးစုံပါဝင်ခဲ့ပြီ။ Nhkaibum တောင်လဲပါဝင်ခဲ့ပြီ။ Mali Hka နဲ့ Nmai Hka တို့ဆုံဆည်းရာ မြစ်ဆုံလဲပါဝင်ခဲ့ပြီ။ လေးလေးနက်နက် စဉ်းစားတွေးခေါ် တတ်ဖို့လိုတယ်။

Mali Hka နဲ့ Nmai Hka မြစ်ဆုံမှာ ရေကာတာလုပ်လိုက်တဲ့အခါ ရေမျက်နှာပြင်ဟာ ပေ ၅ဝဝ-၆ဝဝ မြင့်သွားမယ်။ အကုန်လုံးမြုပ်သွားမယ်။ Mali Hka နဲ့ Nmai Hka အထက်ပိုင်းမှာလဲ မိုင်၁ဝဝ ကျော်အထိ ရေလွမ်းမိုးသွားမယ်။ သဘာဝအားဖြင့် ရေဆိုတာ မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းသွားရမယ်။ ဒါပေမယ့် သဘာဝကို ဆန့်ကျင်ပြီး ရေကာတာ ဆောက်လိုက်တဲ့အခါ Mali Hka နဲ့ Nmai Hka ဟာပြောင်းပြန်ဘက်သို့ ဆုတ်သွားတော့မယ်။ ဒီလိုမဖြစ်ပါစေနဲ့လို့ “မြစ်ဧရာဝတီကို နောက်ကြောင်း ပြန်လှည့်ခွင့် လုံးဝ မပြုတော့ပါ” ဒါကို သဘောပေါက်ရင် အဓိပ္ပာယ်ရှိတယ်။ သဘာဝကိုဆန့်ကျင်နေတဲ့ ရေကာတာစီမံကိန်းအကြောင်း အမျိုးသားလွတ်တော်အမတ် ဦးဂျေယောဝူမှ နိုင်ငံတော် သမ္မတကို တင်ပြပေးတဲ့အတွက် သူ့ကိုအများကြီး ဂုဏ်ပြုရမယ်။ ကျနော်တို့က ရေကာတာစီမံကိန်း ရပ်ပစ်ဖို့ သမ္မတကြီး အမိန့်ကြေငြာတာပဲသိတယ်။ ဘယ်လိုဖြစ်လာခဲ့တဲ့ အကြောင်းရင်းတွေ ဘာမှမသိဘူး။

ရေကာတာစီမံကိန်းရပ်ပစ်ဖို့ သမ္မတကြီးရဲ့ အမိန့်ကြေငြာချက် ထွက်လာတဲ့အခါ ကျနော်တို့များစွာဝမ်းသာ ကျေးဇူးတင်တယ်။ ဂုဏ်လဲယူပါတယ်။ ဆက်လက်ပြီးတော့ တုံ့ပြန်သင့်ကြောင်း အခြေခံဥပဒေခေတ်မှာ သိရှိနားလည် ထားဖို့ရန်လဲ ပါရှိပါတယ်။ နိုင်ငံတော်သမ္မတကြီးက ဘယ်သူလဲ။ နိုင်ငံတော်သမ္မတကြီးဆိုတာ နိုင်ငံတော်ကို အုပ်ချုပ်တဲ့ အမြင့်ဆုံးအကြီးအကဲ ဖြစ်တယ်။ သူထက်ကြီးတာ မရှိတော့ဘူး။ နိုင်ငံတော်သမ္မတကြီး ထုတ်ပြန်ကြေငြာ တာကို တစ်ပြည်လုံးက လိုက်နာရမယ်။ ကျနော်တို့ဒီနေ့ ဘာအားငယ်စရာလိုသလဲ။ ဘာကြောက်စရာလိုသလဲ။ နိုင်ငံတော် ဆိုသည်မှာ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြသော တိုင်းပြည်မည်၏။ ကချင်ပြည်နယ်မှာပဲဖြစ်စေ၊ ဘယ်မှာပဲဖြစ်စေ၊ အားလုံးအေးချမ်းစွာ အတူလက်တွဲနေထိုင်ရန် ဖြစ်တယ်။ နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်သည်။ နိုင်ငံတော်တ၀ှမ်းလုံး၌အတည်ဖြစ်သည်။ မြစ်ဝကျွန်းပေါ်မှာပဲဖြစ်ဖြစ်၊ မြစ်ကြီးနားမှာပဲ ဖြစ်ဖြစ်၊ မေခ-မလိခမြစ်ဆုံမှာပဲဖြစ်ဖြစ် ပြည်ထုသူထုမှာ အာဏာရှိတယ်။

နောက်ဘာကျန်သေးလဲ။ နိုင်ငံတော်၏ မြေထု၊ ရေထု၊ လေထု တွင်ပါဝင်သော အရာတွေအားလုံး ပြည်သူလူထု ကပဲပိုင်ဆိုင်၏။ ဒါ့ကြောင့် ယနေ့ကျနော်တို့ဟာ ဒီကိစ္စကို ထပ်မံစဉ်းစားပြီးတော့ အချင်းချင်း သဘောထားအမြင် ဖလှယ်ဖို့ အင်မတန် အရေးကြီးတဲ့လုပ်ရပ် ဖြစ်ပါတယ်။ ဒီနေရာမှာ CPI ဥက္ကဌနဲ့ Asia World Company ကို ပြောကြားလိုတဲ့ အချက်လေးရှိပါတယ်။ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်မှ မြစ်ဆုံရေကာတာ လျှပ်စစ်စီမံကိန်း ရပ်ဆိုင်းသည်ဟု တရားဝင် ကြေငြာခဲ့ပြီ။ ထို့ကြောင့်ဆက်လက်ပြီး မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းများ၊ စက်ကရိယာများ၊ အဆောက်အဦးများ၊ စီမံကိန်းလုပ်ကွက် နေရာများ၊ တူးဖေါ်ခြင်း၊ ယာဉ်များဖြတ်သန်းသွားလာခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဂိတ်စောင့်ခြင်း၊ စီတာပူရပ်ကွက် အိမ်အမှတ် MD. 56 တွင်နေထိုင်တည်းခိုခြင်း၊ စည်းရုံးဆက်သွယ်ခြင်း၊ လှုပ်ရှားခြင်း၊ အစိုးရအဖွဲ့ဝင်များနှင့် ပြောဆိုဆက်သွယ် လက်ဆောင်ပစ္စည်း ပန်းခြင်းဆက်သ ပေးကမ်းခြင်း၊ မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်ပြီး နိုင်ငံခြားသားများမှ CPI, Asia World စသည်များမှ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော နည်းလမ်းဖြင့်သော်လည်းကောင်း လွန်ခဲ့သော ၆ လအတွင်း ပြုလုပ်လှုပ်ရှားသွားသော လုပ်ရပ်များ အားလုံးသည် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ရဲ့ Semptember ၃၀ရက်၊ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ရပ်ဆိုင်းထားခြင်း ကြေငြာချက်အမိန့်ကို ဆန့်ကျင်ခြင်း၊ အာဏာဖီဆန်ခြင်း၊ မထီမဲ့မြင်ပြုခြင်း ဖြစ်တယ်။ ယနေ့ကစပြီး CPI, Asia World Company မှဤအရာတွေ အားလုံးကို ရပ်ဆိုင်းဖို့ရန်ဖြစ်ပါတယ်။

တည်ဆဲပါလီမန်ဥပဒေအရ ဤအရာတွေအားလုံးဟာ ဥပဒေကျူးလွန်တဲ့ လုပ်ရပ်တွေဖြစ်တယ်။ ပြဿနာ တစ်ခုဖြစ်လို့ နိုင်ငံသားများအနေနဲ့ တရားစွဲဆိုမယ်ဆိုရင် ဒါကျနော်တို့လုပ်ပိုင်ခွင့်ရှိပါတယ်။ ဒါလဲကျနော်တို့အားလုံး သိရှိနားလည်ဖို့လိုပါတယ်။ တရုတ်နိုင်ငံတွင် သစ်ပင်တစ်ပင်ခုတ်ရင် ကျနော်ကြားသိထားတာက သေဒဏ်လို့ သိရပါတယ်။ အခုကျနော်တို့ ဒေသမှာတော့ ဘာမှမရှိတော့ဘူး။ သစ်ပင်၊ ၀ါးပင်၊ ဆေးဝါးမျိုးစုံ၊ ပန်းမျိုးစုံ၊ အကောင်တွေ ဆိုရင်လဲ အကြီးအငယ်၊ သက်ရှိသက်မဲ့ ဘာမှမရှိတော့ဘူး။ သယံဇာတအဖိုးတန်ရတနာ အားလုံးပြောင်သွားပြီ။ စောစောက ပြောခဲ့တဲ့အတိုင်း ရေလွမ်းမိုးမယ့်နေရာဟာ အထက်ဘက်ကို မိုင် ၁ဝဝ ကျော်တက်သွားမယ်။ ချောင်း၊ မြောင်း၊ အင်း၊ အိုင်၊ လျှိုမြောင်၊ ချိုင့်ဝှမ်းအားလုံး ရေဖုံးလွမ်းသွားမယ်။ ရေဖုံးလွမ်းသမျှ နေရာအားလုံး အနှစ် ၅ဝ တရုတ်တွေပိုင်သွားပြီ။ ကျနော်တို့နဲ့ ဘာမှမဆိုင်တော့ဘူး။

ရေကာတာလုံခြုံရေးအကြောင်းပြပြီး အားလုံးတရုတ်တွေရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားတော့မယ်။ ရေအိုင်ကြီးနဲ့ ဘယ်နှစ်မိုင်အကွာမှာ ဒေသခံပြည်သူတွေ ဖြတ်သန်းသွားလာခွင့်မပြုရ ဟူသည့်အမိန့်တွေ ထုတ်ပြန်ထား တော့မယ်။ ကျနော်တို့က ရှေးဘိုးဘေးဘေဘင် ပဝေသဏီကာလမှ နေထိုင်လာခဲ့တဲ့ ကိုယ့်ဌာနီ၊ ကိုယ့်ဒေသ၊ ကိုယ့်ရပ်ရွာတွေကို စွန့်လွတ်ရတော့မယ်။ တရုတ်တွေဟာ နည်းပညာရှိတယ်။ အရင်းအနှီးရှိတယ်။ အားလုံးထုတ်ဖေါ် ထုတ်ယူသွားကြမယ်။ ကျနော်တို့အတွက် ဘာကျန်တော့မလဲ။ ဒီလိုလုပ်ခြင်းအားဖြင့် ကျနော်တို့ရဲ့ လူမှုရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊ နိုင်ငံရေး၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် အားလုံးဟာ Zeroဖြစ်သွားမယ်။ ကျနော်တို့ ရဲ့ဘ၀က ကြံဖတ်နဲ့တူသွားတော့မယ်။ အားလုံးစုပ်ယူသွားမယ်။ ဘာမှကျန်တော့မှာမဟုတ်ဘူး။

တရုတ်နိုင်ငံဆိုတာ ကွန်မြူနစ်နိုင်ငံ၊ ဘာသာတရားမရှိဘူး။ စီးပွာရေးတစ်ခုပဲမြင်တယ်။ ရေကာတာလုပ်ရင် ၁၀ရာခိုင်နှုန်းပေးမယ် စသည်ဖြင့် ကလေးမုံ့ဖိုးပေးသလို ချော့နေတယ်။ ငါတို့ကိုအဲလို လာမစမ်းသပ်နဲ့။ ငါတို့နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်တယ်။ ပြည်သူလူထုမှာ အာဏာရှိတဲ့နိုင်ငံဖြစ်တယ်။ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ အမြောက်အများရှိတယ်။ ဒီမိုကရေစီ အကောင်အထည်ဖေါ်လာတဲ့နေ့မှာ ပံ့ပိုးမှုတွေ၊ ထောက်ပံ့မှုတွေ အများကြီး ရောက်လာမှာပဲ။ ဒီလောက်ထိ တရုတ်ကို ကျိုးနွံနေစရာ မလိုပါဘူး။ ကျနော်တို့မှာ လိုအပ်လာရင် တည်ဆောက်ဖို့ မြစ်ချောင်းတွေ အများကြီးရှိတယ်။ ကျွမ်းကျင်သူ ပညာရှင်လဲရှိတယ်။ ကိုယ်ထူကိုယ်ထနဲ့ လုပ်သွားရင်ရပါတယ်။ သူတို့ပေးမယ့် ၁၀% ဘာလုပ်မလဲ။ ကျနော်တို့ လိုလာရင် ၁ဝဝ%အပြည့် ထုတ်ယူအသုံးချကြမယ်။ သူတို့ရဲ့ ဒီစီမံကိန်းကို ဘာမှအထင်ကြီးနေစရာ မလိုဘူး။ သဘောကြစရာမလိုဘူး။ ဒီစီမံကိန်းကြောင့် ရရှိမယ့် ကောင်းကျိုးထက် ဆိုးကျိုးဟာ တိုင်းထွာလို့မရအောင် ကြံဖတ်အဆင့်သို့ ရောက်သွားကြမယ်။ ဆုံးရှုံးနစ်နာသွားမယ်။

ဒီရေကာတာ ရပ်ဆိုင်းလိုက်ရင် တရုတ်တွေဟာ သူတို့ကုန်ကျထားတဲ့ဟာကို လျော်ကြေးတောင်းတယ်တဲ့။ ဒေါ်လာသန်းပေါင်း ၃၅ဝဝ သူတို့တောင်းတယ်။ အဲဒါကို မြန်မာ့ငွေလဲနှုန်း တစ်ဒေါ်လာ ၆.၅ဝကျပ်ဖြင့် မြောက်ကြည့်ရင် မြန်မာနိုင်ငံ့ လူဦးရေ သန်း၅ဝ တို့တစ်ဦးလျှင် ကျပ်၅ဝဝစီ လျော်ပေးလိုက်ရင် ရပါတယ်။ ဘာမှမပူကြပါနဲ့။ ပေးလို့ရတာပဲ။ ဒါပေမယ့် လျော်ကြေးပေးစတမ်း စာရင်းရှင်းကြည့်မယ်။ သူတို့ထုတ်ယူသွားတဲ့ သယံဇာတတွေဟာ တန်ဖိုးသန်းပေါင်း ထောင်သောင်းမက ရှိခဲ့ပြီ။ တန်ဖိုးမဖြတ်နိုင်အောင် ထုတ်ယူသွားကြပြီ။ ပေ၄၀ ကျော်ရှည်တဲ့ မြွေကြီးလဲ ဖမ်းသွားကြပြီ။ ဒါတွေကို ဘယ်သူကပေးလို့ ယူသွားတာလဲ။ ဟိုမှာတူးလိုက်၊ ဒီမှာဖောက်လိုက်၊ ဟိုမှာနှိုက်လိုက်နဲ့ အကုန်လုံးထုတ်ယူ သွားကြပြီ။ နေရာတကာ တရုတ်ပြည်သွားတဲ့ ကားလမ်းတွေဖောက်လုပ်ထားကြပြီ။ ကျနော်တို့ ပြည်သူတွေက မိမိတို့မှာ အာဏာရှိမှန်း မသိကြဘူး။ ကြောက်ဖို့ပဲသိတယ်။ စိုးရိမ်စိတ်ပဲရှိတယ်။

နောက်ပြီးတော့ ရေမြေသဘာဝအကြောင်းလဲ ပြောချင်တယ်။ ဘုရားသခင် ဖန်ဆင်းထားတဲ့ အရာတွေဟာ အင်မတန် ပြည့်စုံတယ်။ ဘုရားရဲ့လက်ရာကို လူတွေဖျက်ဆီးလို့ ဧရာဝတီမြစ်ကို ပိတ်ဆို့လိုက်ခြင်းအားဖြင့် မြေဆီလွာတွေ ခန်းခြောက်ကုန်မယ်။ အောက်ပြည်အောက်ရွာ သောက်ရေတောင် ရှာရခက်တော့မယ်။ ဒါကြောင့် ဒီမြစ်ဆုံကိစ္စကို မစမ်းသပ်သင့်ဘူးလို့ ကျနော်CPIကို ပြောချင်တယ်။ လာမစမ်းကြပါနဲ့။ သားစဉ်မြေးဆက် ဒုက္ခရောက်သွားမှာကို မလိုချင်ဘူး။ လျော်ကြေးလဲမလိုချင်ဘူး။ သူတို့ပေးတဲ့လျော်ကြေး ဘာလုပ်မလဲ။ ကျနော်တို့လဲ ဒီလောက်လေးတော့ နားလည်ပါတယ်။ CPIတို့ Asia World တို့ ဒီမှာနေလို့မရဘူး။ သမ္မတကြီးက ရပ်ပစ်လိုက်ပြီ။ အာဏာဖီဆန်လို့မရဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လွတ်တော်ကို တင်ပြဖို့ ကျနော်တို့တာဝန်ဖြစ်တယ်။ ကျနော်တို့အားလုံးဟာ ယနေ့ကစပြီး ဒီကိစ္စကို အထက်အကြီးအကဲတွေ သိအောင်တင်ပြရမယ်။ လူထုမှာအချုပ်အခြာအာဏာ ရှိတယ်ဆိုတာကို သက်သေပြရမယ်။ ယခင်ကလို အာဏာပိုင်ဆိုတာ ပါတီကောင်စီတွေ မဟုတ်တော့ဘူး၊ အားလုံးပြောင်းလဲသွားပြီ။ အာဏာဆိုတာ ပြည်သူလူထုမှာရှိတယ်။ လူထုမကြိုက်တာ မလုပ်ရဘူး။ လူထုဆိုတာ ဆန္ဒပြခွင့်ရှိရမယ်။ ကျနော်တို့ဟာ ကချင်ပြည်နယ် ပိုင်ရှင်လဲဖြစ်ကြတယ်။ ဒေသခံတွေဖြစ်တယ်။ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဆိုတဲ့နေရာမှာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်တယ်။ နိုင်ငံသားတိုင်းဆိုတဲ့နေရာမှာ နိုင်ငံရေးပါတီတွေလဲပါရမယ်။ တပ်မတော်လဲပါရမယ်။

တရုတ်တွေကတော့ လာပြီးနယ်ချဲ့ကြတယ်။ စီးပွားရေးနယ်ချဲ့တယ်။ လက်နက်နဲ့မဟုတ်ပဲ စီးပွားရေးဖြင့် နယ်ချဲ့ကြတယ်။ ကျနော်တို့အတွက် ဘာမှ ကောင်းကျိုး ဖြစ်မလာပဲ မရေတွက်နိုင်တဲ့ ဆိုးကျိုးတွေ ဖန်တီးပေးတယ်။ အန္တရာယ်မျိုးစုံ ဖန်တီးပေးတယ်။ ဒါတွေကို သိရှိနားလည်ပြီး ကာကွယ်စောင့်ထိန်းဖို့ ကျနော်တို့အားလုံးဆီမှာ တာဝန်ရှိကြောင်း ထင်ဟပ်စေခြင်းဖြစ်တယ်။ ဘုရားသခင်က ကောင်းမြတ်အောင် ဖန်ဆင်းပေးထားတာကို လူ့လက်ဖြင့် မဖျက်ဆီးကြပါနဲ့။ ဒါကြောင့် ကျနော်တို့အားလုံး စည်းစည်းလုံးလုံးနဲ့ ပြည်သူရဲ့ ဆန္ဒအမှန်ကို ထုတ်ဖေါ်ကြစို့လို့ တိုက်တွန်း နိုးဆော်ရင်း နိဂုံးချုပ်အပ်ပါတယ်။

Fr. Gregory Lazum Naw Din


MATUT HTI NA »

မြစ်ဧရာဝတီကို နောက်ကြောင်းပြန်လှည့်ခွင့် လုံးဝမပြုတော့ပါ။ (အပိုင်း ၄)

၃၁-၃-၂၀၁၂
အားလုံးကိုမင်္ဂလာပါလို့ ကြိုဆိုပါတယ်။ ကျနော်ကတော့ ဒီစီတာပူမှာအကူအညီပေးနေတဲ့ ဘုန်းတော်ကြီး Fr. Paul Lum Lai ဖြစ်ပါတယ်။ ဒီနေ့ကြွရောက်လာတဲ့ ဘုန်းတော်ကြီးများ၊ ဂုဏ်သရေရှိ လူကြီးများ၊ ဓမ္မမိတ်ဆွေများ အားလုံးကို လေးစားပါတယ်။ ကျနော်ဟာ ကျနော့်ဘုန်းကြီးဘ၀မှာ နှစ်ပေါင်း ၂ဝ မျှ ဒီဧရာဝတီ မြစ်ရိုးတလျှောက်ဖြစ်တဲ့ တန်ဖရဲ၊ ဆွမ်ပရာဘွမ်၊ ဒူးရစ် နှင့် ကကျီးတူ စတဲ့ သာသနာနယ် ဘုန်တော်ကြီးကျောင်းတွေမှာကျင်လည်ခဲ့ရတယ်။ တန်ဖရဲနဲ့ကကျီးထူမှာတော့ အထူးသပ်သပ် အကြာကြီးနေခဲ့ရတယ်။ ကျနော့်အနေနဲ့ ကျနော်တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံများနဲ့ ကျနော်ဖြစ်စေချင်တဲ့ ဆန္ဒကို တင်ပြမှာဖြစ်ပါတယ်။

ဒီနေ့ခေါင်းစဉ်ကို Fr. Gregory Naw Din နဲ့ဒို့နှစ်ယောက် ဆွေးနွေးပြီးတော့ ရွေးကြတယ်။ နောင်းဆုံးမှာ Fr. Gregory Naw Din က အခုရေးထားတဲ့ “မြစ်ဧရာဝတီကို နောက်ကြောင်းပြန်လှည့်ခွင့် လုံးဝမပြုတော့ပါ။”ဆိုတာကို သဘောကျလို့ အတည်ပြုလိုက်ပါတယ်။ စီးဆင်းသွားပြီဖြစ်တဲ့ မြစ်ရေဟာ နောက်ပြန်မလှည့်ပါစေနဲ့။ြ မစ်ဧရာကို နောက်ကြောင်းပြန်လှည့်ခွင့် မပြုတာ ဘယ်သူတွေလဲ။ ဧရာဝတီမြစ်ရိုး တလျှောက်မှာ နေထိုင်လုပ်ကိုင်စားသောက် နေကြတဲ့ပြည်သူတွေဟာ သူတို့ကိုထာဝစဉ် အလုပ်အကျွေး ပြုနေတဲ့ မြစ်ကြီးဧရာ လွတ်လွတ်လပ်လပ် အတားအဆီးကင်းမဲ့စွာ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ပင်လယ်ဆီသို့ အမြဲ စီးဆင်းနေပါစေလို့ မျက်ရည်မျက်ခွက်နဲ့ တောင်းဆိုမြည်တမ်း နေကြတယ်။

ကျနော်တို့တစ်ဦးစီရဲ့ ဆန္ဒထဲမှာလဲ ကျနော်တို့ရဲ့မိခင် မြစ်ကြီးဧရာဝတီကို ဘေးကင်းလွတ်လပ်စွာ မြစ်ဝကျွန်းပေါ်အရောက် ခရီးပေါက်အောင် တွန်းပို့ပေးကြဖို့ တိုက်တွန်းလိုပါတယ်။ မြစ်ဆုံရေကာတာစီမံကိန်း ၏အစပိုင်းကာလမှာ ဖြစ်ပျက်ပုံအမျိုးမျိုး တွေ့ကြုံခံစားခဲ့ရတယ်။ ၂ဝဝ၃ခုနှစ်တုန်းက ဂျပန်နိုင်ငံ ကန်ဆိုင်းလျှပ်စစ် ကုမ္ပဏီမှ ဂျပန်အင်ဂျင်နီယာ ၃ဦးရောက်လာပါတယ်။ တန်ဖရဲရွာရဲ့ ဟိုဘက်ကမ်း ဒီဘက်ကမ်း နေရာအနှံ့လေ့လာတိုင်းထွာ survey ကြတယ်။ ကျနော်တို့ရဲ့ ဘုရားကျောင်းကိုလဲ နှစ်ခေါက်သုံးခေါက် လာကြတယ်။ နောက်ဆုံးအခေါက်မှာတော့ “ဒီဘုရားကျောင်းဟာ ဘယ်လောက်ကြာပြီလဲ။ ဟိုဘက်ကမ်းက မယ်တော်ဂူဟာ ဘယ်လောက်ကြာပြီလဲ၊” ဆိုပြီးမေးလာတယ်။

“ဒီဘုရားကျောင်းဟာ ကျနော်တို့ ကာသိုလိပ်သာသနာပိုင်ဖြစ်တယ်။ မြောက်ပိုင်းကို သာသနာပြုတဲ့ အခါမှာ သမိုင်းဝင် အချက်အခြာဖြစ်ခဲ့တယ်။ နောက်ပြီး ကချင်ပြည်နယ်မှာ ပထမဦးဆုံး ဆောက်ခဲ့တဲ့ ဘုရာရှိခိုးကျောင်းများ စာရင်းဝင်လဲ ဖြစ်တယ်။ ဟိုဘက်ကမ်းကရွာဟာ ကျနော်တို့ ကာသိုလိပ် အသင်းတော်မှ ဧရာဝတီမြစ်ကို ကျေးဇူးပြု၍ ဘုရားဂုဏ်တော်ချီးမွမ်းဖို့နှင့် မယ်တော်ဂူဟာလဲ မြန်မာတနိုင်ငံလုံးအတွက် ငြိမ်းချမ်းရေးကို ရည်စူးပြီး တည်ဆောက်ထားတဲ့ မယ်တော်ဂူကြီး ဖြစ်ပါတယ်။” လို့ရှင်းပြပေးခဲ့တယ်။

ဒီ၃ဦးဆင်းသွားတဲ့နောက်မှာ ဆည်မြောင်းဌာနနဲ့ ပူးပေါင်းရေးဆွဲထားတဲ့ blue print စာရွက်စာတမ်း များ မေ့ကျန်ရစ်ခဲ့တယ်။ ၄င်းစာရွက်စာတမ်းတွေကို မြစ်ကြီးနားသို့ယူသွားပြီး ညတွင်းချင်း မိတ္တူကူးယူခဲ့တယ်။ သူတို့မေ့ချန်ထားတာမှန်ရင် နက်ဖြန်ပြန်လာယူကြမှာ သေချာတယ်လို့ ယူဆရတယ်။ ၄င်းစာရွက် စာတမ်းတွေထဲမှာ မြစ်ဆုံရေကာတာ ဆောက်လုပ်ဖို့ စီမံကိန်းအသေးစိပ် ပါရှိနေတာကို တွေ့ရတယ်။ ဆည်မြောင်းဌာနမှ ရေးထားသည့်ထဲမှာ မြစ်ဆုံရေကာတာ ဆောက်လုပ်ခြင်းအားဖြင့် ဧရာဝတီ မြစ်ကြောင်းတလျှောက် အထက်မြန်မာပြည်မှ မန္တလေး၊ ရန်ကုန်၊ မြစ်ဝကျွန်းပေါ်အထိ ၁၂ရာသီစလုံး မြစ်ရေဖူဖူလုံလုံရရှိမည် ဖြစ်ပြီး လှေ၊ သင်္ဘောများ ဥဒဟို စုန်ဆန်သွားလာ နိုင်မည်ဖြစ်ကြောင်း ပါရှိပါတယ်။ ဧရာဝတီမြစ်၏ ဝဲယာလွင်ပြင်များမှာလဲ စိုက်ပျိုးရေး ကောင်းကောင်း လုပ်နိုင်မယ့်အကြောင်း ရေးထားတာတွေ့ရတယ်။ ပင်လယ်ထဲက ဆားငံရေဝင်လာလို့ ပျက်စီးသွားတဲ့ လယ်ယာတွေကိုလဲ များစွာတားဆီးနိုင်မယ် လို့ရေးထားတယ်။ အားလုံးအချက်ကြီး ၅ချက်လောက်ရေးထားတယ်။

ဒီကိစ္စကိုကန့်ကွက်ဖို့အတွက် မြစ်ကြီးနားသို့ ရောက်လာတဲ့ Swiss Aid အဖွဲ့က တာဝန်ခံ လူကြီးတစ်ယောက်ရဲ့ အကူအညီကိုရခဲ့တယ်။ သူ့ဇနီးက ဂျပန်အမျိုးသမီးဖြစ်ပြီး ဂျပန်လွတ်တော် အမတ်တစ်ဦး ဖြစ်ကြောင်း၊ ဒီစီမံကိန်းကို ရပ်ပစ်ဖို့ သူ့ဇနီးကဂျပန်အစိုးရကို ပြောပေးနိုင်လိမ့်မယ် လို့ပြောတယ်။ ဒါနဲ့ အဲဒီစာရွက်စာတမ်းတွေကို နက်ဖြန် ၇းဝဝနာရီ အရောက် မြစ်ကြီးနားသို့ လာပို့ပေးပါ ဆိုတဲ့စာဟာ ညသန်းခေါင် ၁၁းဝဝ ထိုးမှ တန်ဖရဲမှာ ကျနော်လက်ခံရှိခဲ့တယ်။ ကျနော်လဲပဲ နောက်မနက် ၅းဝဝနာရီမှာ အိပ်ယာထပြီး ဒီစာရွက်စာတမ်းတွေကို အချိန်မီ ပို့ပေးနိုင်ခဲ့တယ်။ အဲလိုပဲ ဂျပန်အမျိုးသမီး လွတ်တော်အမတ်ရဲ့ ကူညီဆောင်ရွက် ပေးမှုကြောင့်လားမသိ၊ ဂျပန်ကန်ဆိုင်း လျှပ်စစ်ကုမ္ပဏီတွေကတော့ ပေါ်မလာခဲ့တော့ဘူး။

ဒါပေမယ့် နောက်ပိုင်းမှာ တရုတ် CPI ကုမ္ပဏီတွေ ပေါ်လာတယ်။ ကျနော်တို့ ဘုရားကျောင်းမှာလာပြီး ဟိုတိုင်းဒီတိုင်းလာတိုင်းကြတယ်။ သူတို့ဆောက်လုပ်မယ့် ရေကာတာဟာ မီတာ ၂ဝဝ မြင့်သွားမယ်လို့ ပြောတယ်။ မီတာ၎ဝမြင့်တဲ့ ကျနော်တို့ရဲ့ ဘုရားကျောင်း ခေါင်းလောင်းစင်ဟာလဲ ရေအောက်မီတာ ၁၆ဝ သို့ရောက်သွားတော့မယ်။ ကျနော်တို့ဘာမှမတတ်နိုင်ဘူး။ ဟိုဘက်ကမ်းမှာရှိတဲ့ မယ်တော်ဂူလဲပဲ အဏ္ဏဝါရေထုအောက်သို့ ကျရောက်သွားတော့မယ်။ ရှိရှိသမျှသာသနာ့ အမွေအနှစ်တွေအားလုံး တိမ်ကောပျောက်ကွယ် ပျက်စီးကုန်တော့မယ်။ ကျနော်တို့က ဖြစ်ပျက်သမျှ အလုံးစုံ ဘုရားသခင်ကို အပ်နှံလျှက် ဆုတောင်းခွန်အားယူကြတယ်။

မမျှော်လင့်တဲ့အချိန်မှာပဲ သမ္မတကြီးဆီက မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းဖို့အမိန့် ရောက်လာခဲ့ တယ်။ “သူ့သက်တမ်းမှာ ဒီရေကာတာကို မလုပ်တော့ဘူး။” ကျနော်တို့ အရမ်းဝမ်းသာတယ်။ ဒါပေမယ့် မကြာမီမှာပဲ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း ရဲ့အမိန့်နဲ့တဲ့၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချို၊ အမှတ် (၁) ရဲစခန်းက ရဲတွေရယ်၊ နောက်ပြီး Asia World အဖွဲ့နဲ့ပူးပေါင်းပြီး မြစ်ဆုံဒေသမှာ ဘာမှစားစရာမရှိ အတိဒုက္ခနဲ့ ဘဝပျက်နေကြတဲ့ လူတွေကိုဖမ်းသွားပြီဆိုတဲ့ ဖုန်းဝင်လာတယ်။ အရမ်းအံ့သြသွားတယ်။ ဘာကြောင့်လဲဆိုတော့ သမ္မတကြီးရဲ့မင်းအာဏာစက်နဲ့ရပ်လိုက်ပြီ။ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ခရိုင်အုပ်ချုပ်ရေးမှူး အမိန့်နဲ့ သွားဖမ်းတယ်ဆိုတာ - - - ဟာ - - - ကျနော်တို့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီဆိုတာ ဟုတ်ကောဟုတ်ရဲ့လားလို့ ခံစားမိလာတယ်။

ဘာဖြစ်လို့လဲဆိုတော့ သမ္မတကြီးက သူ့သက်တမ်းမှာ မလုပ်တော့ပါဘူးလို့ ပြောထားပြီ။ ဘာမှဆက်လုပ်စရာ အကြောင်းမရှိတော့ဘူး။ ဒါကို ခရိုင်အုပ်ချုပ်ရေးမှူးက သွားဖမ်းတယ်ဆိုတော့ အရမ်းကို အံ့သြသွားတယ်။ ဒီလိုကိစ္စမျိုးဟာ ၂ဝ-၉-၂ဝဝ၉ တွင်တစ်ကြိမ်၊ ၁ဝ-၁ဝ-၂ဝဝ၉ မှာတစ်ကြိမ် ရွာတွေကို ဖယ်ခိုင်းမှု စလာတယ်။ ရွာသားတွေလဲ ကမ္ဘာပျက်သလို ဘာလုပ်ရမှန်းမသိ ခံစားခဲ့ရတယ်။ ကျနော်ကတော့ ဒီပြဿနာကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးရအောင်လို့ တင်ပြတဲ့အခါ ရန်ကုန်က ဝန်ကြီးနဲ့အတူ CPI ဒုဥက္ကဌပါ တက်လာခဲ့ကြတယ်။ ဒီလိုနဲ့ ဝန်ကြီးတို့ ရှေ့မှောက်မှာ “ကျနော်တို့က မပြောင်းချင်ဘူး။ ဒီမြစ်ဆုံဒေသဟာ ကျနော်တို့ ကချင်ယဉ်ကျေးမှုသမိုင်းအရလဲ အထွတ်အမြတ်နေရာဖြစ်တယ်။ ကျနော်တို့ ထာဝစဉ် သံယောဇဉ်တွယ်တာရာ အရပ်လဲ ဖြစ်နေတယ်။ ဧရာဝတီမြစ် စတင်တဲ့ဒီနေရာဟာ ကျနော်တို့ ကချင်လူမျိုးများရဲ့ တကယ့်အသည်းနှလုံး နေရာဖြစ်တယ်။ မပြောင်းချင်ဘူး။” လို့တင်ပြခဲ့တယ်။

ဒီတော့ ကချင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီဥက္ကဌ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း ပြောတာက၊ ဒီရေကာတာဟာ နိုင်ငံတော်ကနေ လုပ်တာဖြစ်တဲ့အတွက် ကျနော်တို့လဲ ဘာမှမတတ်နိုင်ဘူး။ ဒါကြောင့်လဲ မင်းတို့ရဲ့ နစ်နာမှုတွေ အားလုံးလျော်ပေးမယ်….တဲ့။ မင်းတို့အတွက် သာမန်အိမ်မျိုးမဟုတ်ဘဲ တကယ့်ကွန်ကရစ်အိမ်၊ ပတ်ကားအိမ်၊ အပြန်စားအိမ်တွေ ဆောက်ပေးမယ်……..တဲ့။ မပူကြပါနဲ့….တဲ့။ စားဖို့သောက်ဖို့လဲ ၃နှစ်ကျွေးမယ်…….တဲ့။ ဒိပြင် လယ်ယာတွေလဲ အကုန်လုံး ရှာပေးမယ်…တဲ့။ တစ်ခုတော့ရှိတယ်။ ဒီနေရာမှာ ရေမနစ်မချင်း မင်းတို့နေရာပဲ……တဲ့။ မင်းတို့ခြံပဲ၊ မင်းတို့အိမ်ပဲ…..တဲ့။ မင်းတို့ စိုက်ထားတဲ့ အပင်တွေအတွက် ငါတို့လျော်ကြေးပေးမယ်………တဲ့။ အပင်တွေလဲ ရေမမြုပ်မချင်း မင်းတို့အပင်တွေပဲ….တဲ့။ အဲလိုပြောခဲ့တယ်။ ဒီစကားတွေကြားရတော့ ၀မ်းသာမှု၊ နှစ်သိမ့်မှု ရရှိခဲ့တယ်။

ဒါပေမယ့် ဘာဆက်ဖြစ်လာသလဲ။ ၆-၃-၂ဝ၁၂ရက်နေ့မှာ လာရောက်ဖမ်းဆီးကြတယ်။ အားလုံး ကမောက်ကမ ဖြစ်ကုန်တယ်။ အားလုံးဘဝပျက်ခဲ့ရတယ်။ ဒါဟာလက်ရှိအခြေအနေမှန်၊ အဖြစ်အပျက်မှန် ဖြစ်တယ်။ မင်းလုပ်အုပ်ချုပ်သူတွေက ပြောထားတဲ့အတိုင်း လက်တွေ့ဖြစ်မလာဘူး။ အပြစ်မဲ့ရွာသူ ရွာသားတွေက ကိုယ့်အိမ်ကိုယ့်ခြံ ကိုယ့်နေရာမှာ နေရင်းထိုင်ရင်း သက်သက်မဲ့ အဖမ်းခံလိုက်ရတယ်။ ဘာဥပဒေမှ နားလည်သူတွေလဲမဟုတ်။ ဘာမှပြောဆို တတ်သူတွေလဲ မဟုတ်တော့ ကြောက်စိတ်နဲ့ပဲ ခံလိုက်ကြရတယ်။

ဒါပေမယ့် ကျနော်ပြောချင်တာ တစ်ခုရှိတယ်။ အချို့လူကြီးပိုင်း လူလတ်ပိုင်းတွေထဲမှာတောင် ဥာဏ်မမီနိုင်တဲ့လူတချို့က ရေဝပ်သွားလို့ရှိရင် စက်လှေနဲ့ သွားကြမှာပေါ့ဟဲ့၊ ဆိုသူတွေရှိသေးတယ်။ အချို့ကျတော့လဲ ရေ၀ပ်သွားရင်ဖြစ်သလို နေကြမှာပေါ့ ဆိုသူတွေရှိကြတယ်။ တင်ပြတောင်းဆိုရမှန်းမသိ၊ ကြောက်ရွံ့နေဖို့ပဲသိတဲ့ ဘဝအရှုံးပေးသူတွေရှိကြတယ်။ အာဏာဆိုတာ ပြည်သူ့ဆီမှာရှိမှန်း မသိရှာကြဘူး။ ရေကာတာကြောင့် ဒေသတစ်ခုလုံး သဘာဝပတ်ဝန်းကျင် သားရဲတိရစ္ဆာန်၊ သစ်ပင်ပန်းမာန်အပေါင်း ပျက်စီးဆုံးရှုံး သွားရတော့မယ်။ အနှစ် ၅ဝဆိုရင် အားလုံးချုပ်ငြိမ်းကုန်တော့မယ်။ ရေဝပ်တယ်ဆိုတာ ချောင်းရိုး မြောင်းရိုးတွေမှာလဲ ကုမ္ပဏီတွေတက်လာမယ်။ ဒီချောင်းရိုး မြောင်းရိုးတွေကို ကျနော်တို့ မပိုင်ဘူး ကုမ္ပဏီကပဲပိုင်တော့မယ်။ ဒါတွေကို ကြိုမြင်ပြီး စဉ်းစားထားဖို့ အရေးကြီးပါတယ်။ ဘာဖြစ်လဲဆိုတော့ သူတို့က ရေကာတာ လုံခြုံရေး ယူရတော့မယ်။ တချို့က အဲတာကို နားမလည်ဘူး။

ရှိရှိသမျှ အားလုံးတရုတ်တွေ သိမ်းကျုံးသွားတော့မယ်။ တရုတ်က တကိုယ်ကောင်းဆန် စီးပွားရေးသမားပဲ။ ဘာကိုမှ ဂရုစစိုက်ဘူး။ ရေကာတာကြီး ပြိုကျသွားရင်လဲလျော်မယ်။ ပိုက်ဆံ စကားပြောတယ်။ ငါတို့ကောင်းစားဖို့၊ ငါတို့ကုမ္ပဏီ ကောင်းစားဖို့၊ ဘယ်သူသေသေ ငသေမာပြီးရော ဆိုတဲ့စိတ်ထားရှိတယ်။ ရေကာတာကျိုးလို့ ငါတို့သေသွားရင် သူတို့လျော်မယ်။ ငါတို့တွေသေကုန်မှတော့ ဘယ်သူ့ကို သွားလျော်မှာလဲ။ ဝိညာဉ်နဲ့ ခံစားမလား။ ကျွမ်းကျင်သူတွေ တွက်ချက်ထားတာဟာ ရေကာတာကျိုးသွားရင် စက္ကန့် ၂ဝအတွင်း မြစ်ကြီးနားမြို့ အားလုံးရေအောက်ရောက်သွားမယ်။ အကုန်လုံးပျောက်သွားမှာပဲ။ ရေကာတာရဲ့ အမြင့်က မီတာ ၂ဝ၀ ရှိတယ်။ ပေ ၆ဝ၀ နဲ့ညီမျှတယ်။ ဒီလိုအခြေအနေမှာ ငါတို့က လုပ်ခွင့်ပြုမလား။ အာဏာဟာ ငါတို့ပြည်သူတွေဆီမှာပဲရှိတယ်။

နှစ်ပေါင်း၅ဝ တရုတ်တွေပိုင်ဆိုင်းသွားရင် Sumprabum ဒေသတဝိုက်မှာကျနော်တို့နေလို့မရတော့ဘူး။ Mali-Nmai Walawng မှာလဲနေလို့မရတော့ဘူး။ Mali-Hkrang Walawng ဒေသမှာလဲ ကျနော်တို့ နေလို့မရတော့ဘူး။ ဒီဒေသတွေမှာလဲ ရေကာတာပွားတွေ တည်ဆောက်ကြတော့မယ်။ ဒီရေကာတာကိစ္စ အခြေခံသဘောတူစာချုပ် လုပ်တာ ၂၇-၃-၂ဝဝ၉ ရက်မှာဖြစ်တယ်။ ဒုဗိုလ်ချုပ်ကြီး သူရတင်အောင်မြင့်ဦးနဲ့ တရုတ် CPI အဖွဲ့တို့လက်မှတ်ရေးထိုးကြတယ်။ ၂၀-၁၂-၂ဝ၀၉ ရက်မှာပဲ ဒီမြစ်ဆုံ ရေကာတာ စတင်ဆောက်လုပ်ခဲ့တယ်။ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးနဲ့ တရုတ်ဒုသမ္မတတို့ လက်မှတ်ရေးထိုး ကြတယ်။ ၃-၆-၂ဝ၁ဝ မှာ ချီဖွေနဲ့ လာဇာ Laza ရေကာတာ ဆောက်လုပ်ဖို့ သဘောတူတယ်။ Laza ဆိုတာ Sumprabum အောက်နားမလိခဘက်မှာဖြစ်တယ်။ ဆက်လက်တည်ဆောက်သွားမယ့် ရေကာတာတွေဟာ အင်မိုင်ခဘက်မှာ Chiphwi, Wusak, Hpimaw, Hkawnglanghpu, Le-nam, ပြီးတော့ မလိခဘက်မှာ Laza, စုစုပေါင်း ၇ခု ဖြစ်တယ်။ ကျနော်တို့ ကချင်လူမျိုးတွေ နေမယ့်နေရာ ဘယ်မှာမှ မရှိတော့ဘူး။ ဒါတွေဟာ အနာဂတ်ရဲ့ ကြုံတွေ့ရတော့မယ့် အခြေအနေတွေဖြစ်တယ်။

ဒီလိုဆိုရင် ကျနော်တို့တတွေ ဘာဆက်လုပ်ကြမလဲ။ အာဏာဟာ ကျနော်တို့ဆီမှာရှိတယ်။ ကျနော်တို့ ရဲ့ ညံ့ဖျင်းမှုကြောင့် နောင်လာနောက်သားတွေကို အမွေဆိုးကြီး ထားရစ်ပေးခဲ့မလား။ စဉ်းစားတွေးခေါ် လက်တွေ့အကောင်အထည်ဖော်ဖို့ ကျနော်တို့အားလုံးရဲ့ တာဝန်ဖြစ်တယ်။ ကျနော်တို့တတွေရဲ့ မိခင်ကြီးသဖွယ် အလုပ်ကျွေးပြုနေတဲ့ ဧရာဝတီဖြစ်ကြီး ထာဝစဉ် စီးဆင်းနိုင်ပါစေဟု ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါတယ်။ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။

Fr. Paul Lum Lai



MATUT HTI NA »

မြစ်ဧရာဝတီကို နောက်ကြောင်းပြန်လှည့်ခွင့် လုံးဝမပြုတော့ပါ။ (အပိုင်း-၃)

၃၁-၃-၂၀၁၂ (စနေ)

ဘုရားရှင်၊ သခင်ခရစ်တော် ယေရှု၏နာမဖြင့် ယနေ့ကြွရောက်လာသော အဘကျေးဇူးရှင် ဘုန်းတော်ကြီးများ၊ ဂုဏ်သရေရှိလူကြီးများ၊ ကြွရောက် အားပေးလာကြသော မြစ်ဆုံဆည်စီမံကိန်းကို လာရောက်ကန့်ကွက်ကြသော ပြည်သူလူထုများ အားလုံးကို ရှေးဦးစွာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေလို့ နှုတ်ခွန်းဆက်သ အပ်ပါတယ်။

ကျနော်ဟာ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၂) ဆွမ်ပရာဘွမ်၊ ပူတာအို၊ မချမ်းဘော၊ နော်မွန်း၊ ခေါင်လန်ဖူးနှင့် ပန်နမ်းဒင် စသော (၆) မြို့နယ်၏ ကိုယ်စားပြု ကိုယ်စားလှယ် ဦးဂျေယောဝူ ဖြစ်ပါတယ်။ ပြည်ထောင်စု လွတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွတ်တော် အခွင့်အရေးကော်မီတီဝင်၊ အာဆီယံ အသိုက်အ၀န်းရဲ့ ယဉ်ကျေးမှုကော်မီတီဝင်လဲ ဖြစ်ပါတယ်။ နိုင်ငံသားများရဲ့ မူလအခွင့်အရေး၊ ဒီမိုကရေစီ အရေးနဲ့ လွတ်တော်အခွင့်အရေး ကော်မီတီဝင်လဲ ဖြစ်ပါတယ်။

အားလုံးသိကြတဲ့အတိုင်းပဲ လွန်ခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က သူ့သက်တမ်း (၅) နှစ်အတောအတွင်း မြစ်ဆုံရေကာတာ စီမံကိန်းကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း ကြေငြာခဲ့ပြီးဖြစ်ပါတယ်။ ဒါကိုကျနော်တို့ ပြည်သူတစ်ရပ်လုံးက နှစ်ထောင်းအားရ ကျေးဇူးတင်မဆုံး၊ ၀မ်းသာအားရမဆုံး ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ယခုကတည်းက CPI ကုမ္ပဏီမှ စည်းရုံးရေးဆင်းပြီး ပြန်လည်စတင် ဆောက်လုပ်နေပြီ ဆိုတဲ့သတင်းကို ပြည်သူတွေထံမှ ကြားသိရတဲ့အတွက် ထိုဖြစ်ရပ်ကို ၀ိုင်းဝန်းကန့်ကွက်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး လွတ်တော်မှာ ကျနော် (၄) ကြိမ် အဆိုတင်သွင်းခဲ့ပါတယ်။ ဒါပေမယ့် ကျနော့်ရဲ့အဆိုက မအောင်မြင်ပါဘူး။ အဆိုအဖြစ် တင်သွင်းခွင့်တောင် မရခဲ့ပါဘူး။ ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ မိန့်ခွန်းအဖြစ် ပြောင်းပါလို့ ပြောခြင်း ခံရပါတယ်။

ဒါပေမယ့် စက်တင်ဘာလ (၁၆) ရက်နေ့မှာ အမှတ် (၁) လျှပ်စစ်ဝန်ကြီးဌာန ဦးဇော်မင်းတို့က သူတို့ရဲ့ ၀န်ကြီးဌာန ရေးရွာခန်းမမှာ မြစ်ဆုံနှင့် ဒေသတစ်ဝန်းလုံး ရေကာတာတည်ဆောက်ဖို့ အလုပ်ရုံဆွေနွေးပွဲ လုပ်တဲ့အခါ ကျနော်တို့ရဲ့ဝန်ကြီးဌာနကိုလည်း ဖိတ်ပါတယ်။ ထိုအလုပ်ရုံဆွေးနွေးပွဲမှာ CPI ကုမ္ပဏီရဲ့ စီမံကိန်းကို ကျနော်ကန့်ကွက်ခဲ့ပါတယ်။ မြစ်ကြီးနား မဲဆန္ဒနယ် အမှတ်(၁)မှ ဦးခက်ထိန်နန်လဲ မလုပ်ပေးရင် ပိုကောင်းပါတယ် ဆိုပြီးကန့်ကွက်ပါတယ်။ ဒါပေမယ့်သူ့ရဲ့ကန့်ကွက်ပုံက နူးညံ့ပျော့ပြောင်း လွန်းပါတယ်။ ကျနော်ကတော့ မလုပ်သင့်ဘူးလို့ အပေါ်တင် ကန့်ကွက်ပါတယ်။ ကျနော်တို့ ပူတာအိုဒေသမှာ ခရန်ခတို့၊ ရှန်ခတို့၊ မုန်လန်ခတို့၊ ပတ်တီခတို့ အများကြီးရှိတယ်။ အဲဒီဘက်ကြွပါ၊ ရေအားလျှပ်စစ် အများကြီး ထုတ်လုပ်နိုင်ပါတယ်။ ကြိုဆိုပါတယ်။ အဲဒီနေရာတွေမှာ ပိတ်လိုက်ရင် လူသူတစ်ယောက်ကိုမှ မထိခိုက်နိုင်ဘူး။ ပေါက်ကွဲလာပါသော်လဲ ကျနော်တို့ခံသာပါတယ်။ အဲလိုကန့်ကွက်တဲ့အခါ သူတို့က လက်မခံကြဘူး။ ဘာကြောင့်လဲဆိုတော့ သေးသေးလေးတွေ လျှောက်လုပ်ရင် ပိုက်ဆံ ပိုကုန်တယ်တဲ့။ ဒီမှာတစ်ခုထဲလုပ်ရင် ပါဝါလဲရမယ်၊ ပိုက်ဆံလဲသိပ်မကုန်ဘူးပေါ့။

သူတို့ဘာပဲပြောပြော ကျနော်ကတော့ ဆက်တိုက်ကန့်ကွက်တယ်။ ကျနော့်အနေနဲ့ သဘာဝ ဘေးအန္တရာယ်အကြောင်း မပြောဘူး။ Company makes deserter လို့ပြောပါတယ်။ ကုမ္ပဏီကလုပ်လိုက်တဲ့ သဘာဝ ဘေးအန္တရာယ် ဖြစ်လာတဲ့အခါမှာ ဘယ်လိုတာဝန်ယူဖို့ အစီအစဉ်ရှိပါသလဲလို့ မေးတဲ့အခါ၊ ရေကာတာ ပေါက်ကွဲလို့ လူတွေ သေကြေပျက်စီးရင်လဲ လျော်မယ်လို့ပြောကြပါတယ်။ ဒီလိုဆိုတော့ ကျနော်တို့ သေကြေကုန်တဲ့နောက်မှာ ဘယ်သူ့ကို လျော်ပေးမှာလဲ။ နောက်တစ်ချက်က ဒီလောက်အန္တရာယ်ကြီးမားတဲ့ ကိစ္စကို အခုကတည်းက မလုပ်နဲ့ပေါ့။ အဲဒီအစည်းအဝေးမှာ ၀န်ကြီးတွေ အပါး၂၀ကျော်ရှိတယ်။ သူတို့ကတော့ တိတ်တိတ်ပဲနေကြတယ်။ ဦးဇော်မင်းကတော့ ဒီကိစ္စကို ကုလသမဂ္ဂမှ ရပ်ခိုင်းရင်တောင် မရပ်ဘူး၊ ဆက်လုပ်မှာ ပဲလို့ပြောတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ဖြစ်လာသမျှ ပြဿနာအားလုံးကို CPI ကုမ္ပဏီမှ တာဝန်ယူပါတယ်လို့ ပြောတယ်။ ဘာပဲဖြစ်ဖြစ် လွတ်တော်မှာ မဲခွဲဆုံးဖြတ်ရအောင်လို့ ပြောတယ်။ ကျနော့်အနေနဲ့ ရှုံးတော့ရှုံးမှာပဲလို့ တွက်ထားတယ်။ ဒီလိုစဉ်းစားရင်း အဲဒီညမှာပဲ ကျနော်အစီရင်ခံစာ ရေးပါတယ်။ ဘုန်းတော်ကြီး ဆရာတော် ဂရောင်လဲပဲ ရေမြုပ်သွားနိုင်တဲ့ နေရာဒေသအညွန်းတွေ ကျနော့်ကို စုစည်းပေးခဲ့တယ်။ ဘုန်းတော်ကြီး ဖာတာ နော်ဒင့်တို့ ဘုန်းတော်ကြီး ဖာတာလွမ်းလိုင်တို့လဲပဲ အမြဲတမ်း အားပေးရင်း ကျနော့်ကို အချက်အလက်တွေ ကူညီစုဆောင်း ပေးကြတယ်။ ဒါတွေကို စနစ်တကျရေးပြီး ကျနော့်အစီရင်ခံစာကို ပြင်ဆင်ပါတယ်။

ဒါနဲ့ စက်တင်ဘာ (၁၇) ရက်နေ့မှာ အစီရင်ခံစာ တင်သွင်းတယ်။ ဒီအချိန်မှာပဲ BBC, RFA တို့ကလဲ ကျနော့်ကို အင်တာဗျူးတွေ လုပ်ကြပါတယ်။ ပြည်တွင်းဂျာနယ်တွေလဲ လာကြပါတယ်။ သမ္မတကြီးကတော့ ဒါကို ဖတ်ကြည့်ပြီး သူစိုးရိမ်သွားတယ်။ ပြည်သူလူထုတွေကတော့ ဆူလဲဆူညံနေကြပြီ။ လှုပ်လဲလှုပ်ရှားနေ ကြပြီ။ ဒါပေမယ့် စာတစ်စောင်မှ တက်မလာဘူးလို့ သူပြောတယ်။ Congratulation ဦးဂျေယောဝူ လို့ပြော ပါတယ်။ ဘာကြောင့်ဒီလို ဖြစ်ရသလဲဆိုတာ အခုမှကျနော်တို့ သဘောပေါက်တာပေါ့။ ပြည်သူလူထုရဲ့ အသံကိုလဲ ကျနော်တို့ နားထောင်ရမှာ ဖြစ်တယ်။ ဒါပေမယ့် ဦးဂျေယောဝူ အနေနဲ့ ၁၀ ရက်လောက်တော့ သိပ်သိပ်ကလေး နေပေးပါဦးတဲ့။ သမ္မတကြီးက ပြည်သူလူထုရဲ့အသံကို နားညောင်းပေးမယ်ဆိုရင် အရမ်းဝမ်းသာပါတယ်။ အဲဒါ ကျနော်တို့ရဲ့ မျှော်လင့်ချက်ပဲလို့ ပြောခဲ့တယ်။

ကျနော်ရေးထားပါတယ်။ ပြည်သူလူထုရဲ့ဆန္ဒကဘာလဲ။ ဒီမြစ်ဆုံမှာ ရေကာတာမဆောက်ပဲနဲ့ ဟိုဝေးလံတဲ့နေရာ၊ လူသူကို မထိခိုက်နိုင်တဲ့နေရာမှာ ကောင်းကောင်း Master Servey လုပ်ပြီးမှ၊ ပေါက်ကွဲလာရင်လဲ ခံသာနိုင်လောက်တဲ့ အနေအထားရှိတဲ့နေရာမှာလုပ်ကြပါလား။ ဒီလိုနေရာမျိုးမှာတော့ ပြည်သူလူထုရဲ့ သဘောဆန္ဒကို ခံယူဖို့ လိုတယ်လို့ ကျနော်က အဲဒီလို တင်ပြခဲ့တယ်။

နောက်ဒုတိယအချက်က ဒီနေရာတွေကို နှစ်ပေါင်း (၅၀) လုံးလုံး CPI ကုမ္ပဏီကပိုင်သွားမယ်။ ကချင်ပြည်နယ်ရဲ့ ၃ ပုံ ၁ ပုံ ရှိတယ်။ နောင်နှစ်ပေါင်း (၅၀) ရဲ့နောက်ပိုင်းမှ ကျနော်တို့ပြန်ရမယ်။ ဒီလိုဆိုရင် ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာဟာ တရုတ်တွေပဲ ပိုင်သွားသလို ဖြစ်သွားမယ်။ ဒါဟာ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄) ကို ထိပါးနိုင်ပါတယ်။ အချုပ်အခြာအာဏာသည် ပြည်သူများတိုင်းဆီမှ ဆင်းသက်လာ၍ နေရာအနှံ့တည်သည်ဟု ရေးထားပါတယ်။ ဒါ့ကြောင့် ဒီကိစ္စကိုတော့ ထည့်သွင်းစဉ်းစား သင့်ပါတယ်။ ကျနော်အဲဒီလို ရေးထားပါတယ်။

နောက်တစ်ချက်က ကျနော်တို့ ငြိမ်းချမ်းရေးကို မျှော်လင့်ပါတယ်။ ငြိမ်းချမ်းရေးကို အင်မတန် လိုလားနေတဲ့ အချိန်ဖြစ်ပါတယ်။ လွန်ခဲ့တုန်းက တိုင်းရင်းသားများ စည်းလုံးညီညွတ်စွာနဲ့ တိုက်တဲ့အခါ၊ ဂျပန်ကို တိုက်ထုတ်နိုင်ခဲ့တယ်။ အင်္ဂလိပ်ကိုလဲ နိုင်ခဲ့တယ်။ အခုတိုင်းရင်းသားတွေ အချင်းချင်းကျမှ ငြိမ်းချမ်းရေးကို မလုပ်ပေးနိုင်ဘူးလား။ ကမ္ဘာစစ်ကိုတောင် ရင်ဆိုင်ဆင်နွဲ အောင်ပွဲဆွတ်ခူးနိုင်ခဲ့တာပဲ။ ဒါကြောင့် တိုင်းရင်းသားများအချင်းချင်း ပြည်တွင်းရေးကိစ္စမှာ ငြိမ်းချမ်းရေးကိုပဲ အင်မတန် မျှော်လင့်နေတဲ့ အချိန်ဖြစ်တယ်။
နောက်တစ်ချက်က မြစ်ဆုံဒေသကို ကယ်တင်ပေးမယ့်သူကို မျှော်လင့်ပါတယ်။ ပြီးတော့ စီးပွားရေးအရ ကျနော်တို့ရဲ့ တိုင်းပြည်ကို ၀ါ်းမျိုနေတဲ့ စီးပွားရေးကိုလိုနီလက်အောက်မှ ကယ်တင်ပေးမယ့်သူကို မျှော်လင့်တောင့်တနေပါတယ်။ ဒီမြစ်ဆုံဒေသကို သဘာဝပန်းခြံအဖြစ် သတ်မှတ်၍ မပျက်မစီး ကာကွယ်ထိန်းသိမ်း ထားသင့်ပါတယ်။ အမျိုးသား ဥယျဉ်အဖြစ် ဘေးမဲ့ထားကာ ကမ္ဘာကိုဆွဲဆောင်နိုင်ပါတယ်။ ဒီလိုနည်းမျိုးဖြင့်လဲ ၀င်ငွေများစွာ ရရှိနိုင်ပါတယ်။ သူများတိုင်းပြည်မှာဆိုရင် မြေမရှိလို့ အခြားတိုင်းပြည်မှ မြေကို ၀ယ်ယူပြီးလုပ်နေကြတယ်။ ကျနော်တို့နိုင်ငံမှာ ဒီလောက်လှပနေတဲ့ နေရာကို ဖုံးကွယ်လိုက်ရင် မကောင်းပါဘူး။ ကျနော်အဲဒီလို တင်ပြပါတယ်။

နောက်ပြီးတော့ -ဟောင်တူရှား-ခေါ် အဖိုးတန် သစ်မင်းဘုရင် အကြောင်းကိုလဲ ကျနော်အနည်းငယ် တင်ပြလိုပါတယ်။ ဒီသစ်ပင်မျိုးဟာ မေခနှင့်မလိခ ဖြစ်ဖျားပိုင်းမှာသာ ပေါက်တယ်။ အခေါင်းလုပ်တဲ့ ထင်းရှုးပင်မျိုးမဟုတ်ဘူး။ ယခင်က ထိုဒေသမှာ အပင်ပေါင်း သောင်းနဲ့ချီပြီး ပေါက်တယ်။ သက်တမ်းအားဖြင့် နှစ်ပေါင်း ၈၀၀-၁၀၀၀ ရင့်တဲ့အပင်တွေရှိတယ်။ အချို့အပင်တွေဟာ လူခြောက်ယောက် ခုနှစ်ယောက် ၀ိုင်းဖက်ရတဲ့အထိ ကြီးမားပါတယ်။ ဒါပေမယ့် တောင်တိုင်းမှာ ပေါက်တာမဟုတ်ဘူး။ သူပေါက်ချင်တဲ့ တောင်မှာပဲပေါက်တယ်။ အခုဆိုရင် တစ်တောင်မှာ နှစ်ပင်သုံးပင် လောက်ပဲကျန်တော့တယ်။ ဒါတောင်မှ သွာလို့မရလို့၊ ခုတ်လို့မရလို့ ကျန်နေတဲ့ အပင်တွေဖြစ်တယ်။ တရုတ်ပြည်ဘက်မှာဆိုရင် အပင် လေးဆယ်ကျော်လောက်ပဲ ရှိတယ်။ ဒီအပင်ဟာ မြေအောက်အမြစ်ကစပြီး သစ်ပင်ထိပ်ဖျားအထိ အကိုင်းအခက်၊ အရွက်၊ အခေါက်၊ အသား အားလုံးဆေးဖက်ဝင်တယ်။ ဒီအပင်ဟာ ကျွန်းသစ်ထက် အဆပေါင်း နှစ်ထောင် သုံးထောင်တန်ပါတယ်။ ပွတ်လုံးနဲ့ ပွတ်ထားတဲ့ ရိုးရိုးသာမန် ခွက်တစ်လုံးတောင်မှ တရုတ်ငွေ ၂၀၀-၃၀၀ တန်ပါတယ်။ စပါယ်ရှယ်အနှစ်သားနဲ့လုပ်ရင် ၁၀၀၀-၂၀၀၀ မကတန်ပါတယ်။ အထူးအနှစ်သားနဲ့လုပ်ထားတဲ့ အခေါင်းတစ်လုံးဟာ တရုတ်ငွေ တစ်သိန်း နှစ်သိန်း တန်ပါတယ်။ ရွေဘော်စာတောင်မှ စွန့်မပစ်ပဲ ကင်ဆာရောဂါပျောက်ဆေးဆိုပြီး အမြတ်တနိုးထားကြပါတယ်။ ဒီအပင်တစ်ပင်ရဲ့ တန်ဖိုးဟာ နေပြည်တော်မှာရှိတဲ့ လမ်းမကြီးတစ်ခု လုပ်လို့ရပါ တယ်။ တရုတ်ပြည်မှာဆိုရင် အပင်အနည်းအကျဉ်း ရှိတာလေးကို တပ်မတော် တပ်ရင်းတွေကပဲ လုံခြုံမှု စောင့်ကြပ်ထားကြတယ်။ ဒါတွေတောင်မှ ရေကာတာကြောင့် ဆုံးရှုံးနစ်နာသွားမယ့်ထဲက အသေးအဖွဲမျှ ရှိပါသေးတယ်။

ဥပမာတစ်ခုအနေနဲ့ ဒီနေရာတွေ ရေလွမ်းဧရိယာ ဖြစ်သွားခဲ့ရင် ပျားတွေလဲ ဒေသပြောင်း ကြတော့မှာဖြစ်တယ်။ ပျားတွေဟာ အိန္ဒိယဘက်ကို ပြောင်းရွှေ့သွားကြမှာမဟုတ်၊ အနီးစပ်ဆုံးဖြစ်တဲ့ တရုတ်ပြည်ကိုပဲ ထွက်ပြေးကြကုန်မှာပါ။ ဒီလိုဖြစ်သွားမှာကို ကျနော်တို့ ခံနိုင်မလား။ ဒီလိုတင်ပြလိုက်တဲ့အခါ နာယကကြီးနဲ့ လွတ်တော်ဥက္ကဋ္ဌတို့က ဒီလိုဖြစ်သွားမှာကို လုံးဝမသိထားကြဘူးလို့ပြောတယ်။ အခုအချိန်မှာ ပြည်သူလူထုတွေကို ပြည်သူ့စစ်တို့၊ နယ်ကြားစောင့်တို့ ဖွဲ့စည်းထားပြီး သူတို့ကို တနိုင်တပိုင် သစ်ပင်တွေ ခုတ်လဲခွင့်ပြုထားတယ်။ လေးထောင့်တုံးလုပ်ပြီး တရုတ်နယ်စပ်သို့ ရောင်းစားနေကြတယ်။ ကုန်တောင် ကုန်တော့မယ်။ ကျနော်အဲဒီလိုပဲ တင်ပြခဲ့တယ်။

ပြောချင်တာက လက်တွေ့ဖြစ်ပျက် ခံစားနေတဲ့ ဆုံးရှုံးမှုတွေဖြစ်တယ်။ အခုကျနော်တို့ ပြောနေတာက နောင်လာနောက်သား သားစဉ်မြေးဆက် တွေအတွက်ပြောတာပါ။ ကျနော်တို့ဟာ ဒေသခံတွေဖြစ်တယ်။ တရုတ်တွေ ပြန်သွားရင်လဲ ကျနော်တို့က ရှိနေမှာ။ ရေလွမ်းမိုးသွားလို့ နေစရာမရှိပဲ ဖြစ်လာခဲ့ရင်၊ ကျွန်းပေါ်ရင် ကျွန်းထိပ်မှာ သွားနေရမှာပဲ။ ဒါက မြစ်ဖျားပိုင်း၊ မြစ်ညှာပိုင်း ကဏ္ဍဖြစ်ဖြစ်တယ်။ မြစ်အောက်ပိုင်း နေတဲ့လူတွေအတွက်လဲ အားလုံးခန်းခြောက်သွားမှာပဲ။ အင်းတော်ကြီးတွေ အင်းလေးအိုင်တွေ ခန်းခြောက်လာမယ်။ ဧရာဝတီမြစ်ခန်းခြောက်တော့ အားလုံးခန်းခြောက်လာမယ်။ သဲကန္တာရ အမြန်ဆုံး ပေါ်ထွန်းလာမယ်။

ရေကာတာမပိတ်ဖို့ ထောက်ခံတဲ့ ၀န်ကြီးအချို့လဲရှိတယ်။ ပို့ဆောင်ရေးဝန်ကြီးဘာပြောသလဲဆိုရင် ရေကာတာပိတ်လိုက်တဲ့အခါမှာ အပူချိန်ကြောင့် ရေမျက်နှာပြင် ပိုနွေးလာမယ်။ ဟိုရေခဲတောင်အထိ ရေပြင်ကြီးပူနွေးလာမယ်။ ရာသီဥတုပြောင်းလဲလာမယ်။ စီးဆင်းတဲ့ ရေတွေလဲ ရေပူပဲဖြစ်ကုန်မယ်။ ။ ဒါကြောင့် ရေတွေဟာ အငွေ့ပြန်ကုန်မယ်။ ပင်လယ်ဝမှာ နဂိုစီးဝင်နေတဲ့ ရေပမာဏရဲ့ ၃ပုံ ၁ပုံပဲ ၀င်တော့မယ်။ ဒီတော့ ဒီရေတွေ တက်လာပြီး ဒီရေသစ်တောတွေ ပျက်စီးကုန်မယ် လို့ပြောပါတယ်။ တစ်ချို့ဝန်ကြီးတွေကျတော့ အဲဒီလိုမပြောဘူး။ ပုံမှန်စီးဆင်းနေမှာပဲ လို့ပြောကြတယ်။ ဘာပဲဖြစ်ဖြစ် နောင်လာနောက်သား တွေလက်ထက် တစ်နေ့မဟုတ်တစ်နေ့ ပေါက်ကွဲလာရင်၊ လူဦးရေ သန်း၅၀-၆၀၊ ၁၀၀ ရှိချင်လဲရှိမယ်။ အားလုံးဒုက္ခရောက် ကုန်မယ်။ သေကြေကုန်မယ်။ ဒါကြောင့် ကန့်ကွက်ပါတယ်။ မလုပ်ခင်မှာကန့်ကွက်ပါတယ်။

မိဘပြည်သူတွေကလဲ ပါဝါအာဏာဆိုတာ ပြည်သူတွေမှာရှိပါတယ်။ တစ်ဦးတစ်ယောက်ထဲ အာဏာနဲ့ ၀န်ကြီးတစ်ဦးထဲအာဏာနဲ့ လုပ်လို့ရတာ မဟုတ်ဘူး။ ပြည်သူတွေမှာ အာဏာရှိတဲ့အချိန် ဖြစ်သွားပါပြီ။ ကျနော်တို့ရဲ့ ပြည်နယ် ၀န်ကြီးချုပ်ကိုလဲ ကျနော်ပြောပါတယ်။ ယောက်ဖ၊ ဟိုတုန်းကတော့ စစ်အစိုးရ၊ ကျနော်တို့ မပြောင်းရွှေ့ချင်လဲ ပြောင်းရွှေ့ခဲ့ရတယ်။ ပြည်သူတွေရဲ့ ဆန္ဒကိုမဖွင့်ပြောရဲလို့ ပြောင်းရွှေ့ပေးရတယ်။ ဒါပေမယ့် ဒီနေ့ဟာ ပြည်သူခေတ် ရောက်နေပါပြီ။ ပြည်သူဆီမှာ အာဏာရှိနေပြီ။ ပြည်သူ့ကိုပဲ Stand လုပ်ပေးရအောင်။ ပြည်သူတွေကိုပဲ လမ်းဆင်ပေးရအောင်လို့ ပြောခဲ့တယ်။ ပြည်သူတွေဆီမှာ အာဏာအပြည့်အ၀ ရှိတယ်လို့ ကျနော်ခံယူပါတယ်။ ဒါကြောင့် ပြည်သူဆီမှာ အာဏာရှိမှန်းလဲ ပြရတော့မယ်ဖြစ်တယ်။ ကျနော်တို့ ပြည်သူပြည်သားတွေ စာရင်းကောက်ပြီး နိုင်ငံတော်သမ္မတထံ တင်ပြမယ်။ ကျနော်တို့ရဲ့ နဂိုဌာနီ၊ နဂိုနေအိမ်၊ ပကတိနေအိမ်ကိုပဲ လိုချင်ပါတယ်လို့ တင်ပြကြမယ်။ သမ္မတကြီးရဲ့ ရေကာတာရပ်ဆိုင်းမိန့်ကို ဆက်ပြီးတော့မှ တည်စေပါ။ ရေကာတာ ဆက်လုပ်တာကို မလိုချင်ဘူး။

ဒီလိုနဲ့ မိဘပြည်သူများ စုစည်းပြီး သမ္မတထံ တင်ပြတဲ့အခါ အယောက်၁၀၀၀လောက်ပဲဆိုရင် နည်းလွန်းပါသေးတယ်။ သမ္မတအနေနဲ့ ကျနော်တို့ကို မင်းတို့အယောက် ၁၀၀၀ ပဲရှိသလားလို့ မေးစရာ ဖြစ်လာတယ်။ ဖြစ်နိုင်ရင် ဘာသာတိုင်းဆီက ရေးရမှာဖြစ်တယ်။ ပါတီတိုင်းကလဲ လှုပ်ရှားရမှာဖြစ်တယ်။ ပြည်သူလူထု ဆိုတဲ့နေရာမှာ အဓိကအားဖြင့် ကချင်ပြည်နယ်သူပြည်နယ်သား များ ရဲရဲဝံ့ဝံ့ တင်ပြပြောဆို ရမယ်။ ကြောက်နေမယ့် အချိန်မဟုတ်တော့ပါဘူး။ အခုအချိန်ဟာ ပြည်သူရဲ့လက်ထဲမှာ အာဏာရှိတယ် ဆိုတာကို လက်တွေ့ပြရမယ့် အချိန်ဖြစ်တယ်။ ဒါကို ကျနော်တို့က မပြောရဲဘူး၊ မထုတ်ဖေါ်တတ်ဘူးဆိုရင် နဂိုကြောက်စိတ်တွေ ကျနော်တို့ရဲ့စိတ်ထဲမှာ ရှိနေတုန်းပဲ ဆိုတဲ့လက္ခဏာ ပြခြင်းဖြစ်တယ်။

ဝန်ကြီးချုပ်ကလဲ ပြည်သူမကြိုက်တဲ့ အလုပ်ကျနော်မလုပ်ဘူးလို့ ပြောတယ်။ သမ္မတရုံးက အမိန့်စာနဲ့ ယာယီထိန်းထားပါအုံး ဆိုလို့ ထိန်းထားတဲ့ သဘောဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့ကြောင့် ကျနော်တို့ ဒေသခံရွာသားများ ကလဲ သမ္မတထံ တရားဝင်စာနဲ့ နဂိုမူလ နေရာမှာ ပြန်လည်နေထိုင်ခွင့် ပြုပေးရန် တောင်းခံစာ တင်ဖို့တော့ လိုပါလိမ့်မယ်။ ဒီလိုပဲပြည်သူတွေရဲ့ အလိုဆန္ဒလဲ ပြည့်ဝပါစေ၊ အားလုံးအပေါ်မှာ ဘုရားသခင် ကောင်းချီးပေးပါစေလို့ ဆုတောင်းမေတ္တာပို့ရင်း နိဂုံးချုပ်အပ်တယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဂျေယောဝူ


MATUT HTI NA »

မြစ်ဧရာဝတီကို နောက်ကြောင်းပြန်လှည့်ခွင့် လုံးဝမပြုတော့ပါ

၃၁-၃-၂၀၁၂ (စနေ)
အားလုံးမင်္ဂလာဘာ။ ပထမဦးစွာဘုရားသခင်ကို ကျေးဇူတင်ပါတယ်။ ကျနော်တို့ရဲ့ သမ္မတကြီး ဦးသိန်းစိန် ကနေပြီးတော့မှ လွန်ခဲ့တဲ့ ၃၀-၉-၂၀၁၁ ရက်နေ့မှာ မြစ်ဆုံရေကာတာ စီမံကိန်းကို တရားဝင် ရပ်ဆိုင်းလိုက်ပြီ ဆိုတာ အားလုံးနိုင်ငံသိ၊ ကမ္ဘာသိပဲ။ ကျနော်တို့အားလုံး အရမ်းဝမ်းသာခဲ့တယ်။ ဒါပေမယ့် ဒီနေ့ဟာ တရုတ်အစိုးရနဲ့ CPI ကုမ္ပဏီမှနေ၍ ဒီစီမံကိန်းကို ပြန်လည်စတင်ကြောင်း လွန်ခဲ့တဲ့ ၆-၃-၂၀၁၂ ရက်နေ့မှာ ထုတ်ဖေါ်ပြောကြားခဲ့တယ်။ ဒီနေ့ကြွရောက်လာတဲ့ ဘုန်းတော်ကြီးများ၊ အင်မတန်မှ လေးစားရပါသော အမျိုးသားလွတ်တော် ကိုယ်စားလှယ် အမတ်မင်း ဦးဂျေယောဝူနှင့်တကွ မိဘပြည်သူများ ခင်ဗျား၊ - မြစ်ဆုံရေကာတာ စီမံကိန်းနှင့် ပတ်သက်၍ ကျနော့်အမြင်၊ ကျနော့်ခံစားချက်ကို အနည်းငယ် ရင်ဖွင့်ချင်ပါတယ်။ ဒီမြစ်ဆုံရေကာတာ စီမံကိန်းကို ကျနော်တို့ရဲ့ နိုင်ငံတော် ခေါင်းဆောင်ကြီးမှနေ၍ တရားဝင်ရပ်ဆိုင်းလိုက်ပြီဖြစ်တယ်။ ဒါပေမယ့် တရုတ်အစိုးရနဲ့ CPI ကုမ္ပဏီတို့က ပြန်လုပ်ဖို့ အမျိုးမျိုးပြောဆို အကြပ်ကိုင် ဖိအားပေးလာတယ်။ အခုဟိုဘက်ကမ်းမှာဆိုရင် တရုတ်တွေအမြောက်အများ ရောက်ရှိလာတယ်။ ထိန်ချူံးဘက်မှနေပြီး နောက်ထပ် အမြောက်အများ ရောက်လာဖို့လည်း အစီအစဉ်တွေရှိတယ်။ အနည်းဆုံး တရုတ် ၅၀၀ လောက်ရောက်လာမယ်။ ကားတွေ၊ ယာဉ်တွေ၊ ယန္တရားတွေလည်း အများကြီး ထပ်ရောက်လာဖို့ အစီအစဉ်ရှိကြတယ်။
ဒီလိုနိုင်ငံတော် အကြီးအကဲမှ တရားဝင် ပိတ်ထားလိုက်တဲ့ဟာကို ပြန်လုပ်ဖို့ပြောတာဟာ ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးစော်ကားတဲ့ လုပ်ရပ်ဖြစ်တယ်။ တိုင်းသူပြည်သား၊ ရဟန်းရှင်လူအပေါင်း ၀ိုင်းဝန်းဆန့်ကျင် ကန့်ကွက်ရမယ့် ကိစ္စဖြစ်တယ်။ ဘာဖြစ်လဲဆိုတော့ နဂိုကတည်းက တိုင်းသူပြည်သား၊ ရဟန်းရှင်လူအပေါင်း ၀ိုင်းဝန်းဆန့်ကျင် ကန့်ကွက်တဲ့အတွက် သမ္မတကြီးမှ ပိတ်ထားလိုက်ပြီးသားဖြစ်တယ်။ ကျနော်တို့နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်တယ်။ ဒီမိုကရေစီနိုင်ငံ ဖြစ်တဲ့အလျောက် တိုင်းသူပြည်သားအပေါင်းရဲ့ အသံကိုနားထောင်ပြီး ရပ်လိုက်တယ်။ ဒါဟာပြည်သူတစ်ဦး အနေနဲ့ ဒီမိုကရေစီခံယူချက်၊ အမျိုးသားခံယူချက်ဖြစ်တယ်။ ဒီလိုပြောဆိုနိုင်တာလဲ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄ (က) မှာ အတိအလင်း ဖော်ပြထားပြီးဖြစ်တယ်။ ကျနော်တို့ရဲ့ ခံယူချက်၊ သဘောထားအမြင်တွေကို လွတ်လွတ်လပ်လပ် ပြောဆိုပိုင်ခွင့်ရှိတယ်။ အခုကျနော်ဒီလို ပြောဆိုတဲ့အတွက် တရုတ်အစိုးရက ကျနော့်ကို ဖမ်းလို့မရဘူး။ ဘာဖြစ်လဲဆိုတော့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ၌က ကာကွယ်ထားပြီးဖြစ်တယ်။ ဒီနေ့ရောက်ရှိလာတဲ့ ပုဂ္ဂိုလ်တွေထဲကလဲ ရဲရဲဝံ့ဝံ့ ပြောဆိုကန့်ကွက်ဖို့ ကျနော် ဖိတ်ခေါ်ပါတယ်။
တရုတ်နိုင်ငံကိုကြည့်ပါ။ တရုတ်နိုငံဟာ သဲကန္တာရ တိုင်းပြည်မဟုတ်ဘူး။ ကျနော်တို့တိုင်းပြည်ထက် အဆပေါင်းများစွာ ကြီးမားတဲ့ တိုင်းပြည်ဖြစ်တယ်။ မြစ်တွေ၊ ချောင်းတွေ၊ အင်းတွေ၊ အိုင်တွေ မရေတွက်နိုင်အောင် ရှိတယ်။ ရေကာတာလုပ်ချင်ရင် မင်းတို့တရုတ်နိုင်ငံမှာ လုပ်ကြပါလား။ ဘာဖြစ်လို့ကျနော်တို့ တိုင်းပြည်မှာ လာလုပ်တာတုန်း။ လိုအပ်လို့ရှိရင် ကျနော်တို့လုပ်မှာပေါ့။ မလိုအပ်လို့ သမ္မတကြီးကပိတ်လိုက်ပြီ။ ပြည်သူလူထုလဲဆန့်ကျင်ကန့်ကွက်တယ်။ လာမလုပ်နဲ့။ လုပ်တာတောင်မှ ၁၀% ပဲပေးမယ်။ ၉၀% သူတို့ယူလိုက်မယ်တဲ့။ မီဂါဝပ် ၄၁၀၀ ထွက်မယ်။ ငါတို့နိုင်ငံက ၄၁၀ ပဲရမယ်။ မင်းတို့တရုတ်နိုင်ငံမှာ မီဂါဝပ် ၄၀၀၀ မကဘဲ ၁၀၀၀၀ လုပ်ချင်လဲလုပ်ပါ။ ငါတို့တိုင်းပြည်မှာ လာမလုပ်နဲ့။ မင်းတို့တိုင်းပြည်မှာ ကြိုက်သလိုလုပ်။

ရေကာတာလုပ်ရာမှာ ငလျင်ဒဏ်ခံနိုင်အောင် လုပ်မယ်လို့ သူတို့ကြွေးကြော်တယ်။ သဘာဝ ပတ်ဝန်းကျင်ကိုလဲ မထိခိုက်အောင် လုပ်မယ်လို့ သူတို့ပြောတယ်။ ဒီစကားဟာ ဒီမှာလာမပြောနဲ့။ တရုတ်ပြည်မှာသွားပြော၊ ဒီမှာလက်မခံဘူး။ သူတို့ပြောတဲ့ ငလျင်ဒဏ် ခံနိုင်တယ်ဆိုတာ ရိတ်တာစကေး ဘယ်လောက်ခံနိုင်တာတုန်း။ ဂျပန်နိုင်ငံကိုကြည့်ပါ။ တရုတ်ထက် နည်းပညာအင်မတန် ရှေ့တန်းရောက်နေတဲ့ နိုင်ငံပဲ။ သူတို့ရဲ့ ညူကလီးယား ဓါတ်ပေါင်းဖိုကို ငလျင်ဒဏ်ခံနိုင်အောင် လုပ်ထားတာပဲ။ ဒါပေမယ့် ရိတ်တာစကေး (၈.၉) လောက်ပဲရှိတဲ့ ငလျင်လှုပ်လို့ အားလုံးပျက်စီးသွားခဲ့တယ်။ အကုန်လုံး ဒုက္ခရောက်ရတယ်။ ငလျင်ဆိုတာ ရိတ်တာစကေး (၇) ပဲလာလိမ့်မယ်၊ (၈) ပဲလာလိမ့်မယ်၊ (၉) ပဲလာလိမ့်မယ် ဆိုတာ ဘယ်သူမှမသိနိုင်ဘူး။ ဘုရားပဲသိမယ်။ ဒီရေလှောင်ကန်ပေါက်ကွဲတဲ့နေ့ဟာ ကျနော်တို့အားလုံး ဟို….မြစ်ဝကျွန်းပေါ်အထိ ဘ၀နိဂုံးချုပ်မယ့်နေ့ ဖြစ်ပါလိမ့်မယ်။
ငလျင်ဒဏ်ကို ခံနိုင်အောင် ဆောက်ထားပေမယ့် မမျှော်လင့်ဘဲ ပေါက်ကွဲပြီးတော့ လူတွေ ထောင်းသောင်းသိန်းချီပြီး သေကြေကုန်တဲ့ သာဒကတွေ ကမ္ဘာ့ နိုင်ငံကြီးများမှာ မြောက်များစွာ ရှိခဲ့တယ်။ ၁၉၆၃ခုနှစ်တုန်းက အီတလီနိုင်ငံမှာ ငလျင်ဒဏ်ခံနိုင်အောင် လုပ်ထားတဲ့ ရေကာတာကြီး ကျိုးပေါက်သွားလို့ လူတွေ များစွာသေကြေခဲ့ရတယ်။ နောက်၁၉၉၂ခုနှစ်တုန်းက နည်းပညာ အင်မတန်တိုးတက်တဲ့ ကနေဒါနိုင်ငံမှာလည်းရေကာတာ ကျိုးပေါက်ပြီး လူတွေအမြောက်အများ သေကြေခဲ့ရတယ်။ ၁၉၉၅ ခုနှစ်မှာတော့ ပါကစ္စတန်နိုင်ငံမှာလည်း အင်မတန်ခိုင်ခံ့အောင် ဆောက်လုပ်ထားတဲ့ ရေကာတာ ပေါက်ကွဲခဲ့တယ်။ ၁၉၉၉ခုနှစ်မှာတော့ နိုင်ဂျီးရီးယားနိုင်ငံမှာ ရေကာတာပေါက်ကွဲလို့ ပြည်သူတွေ အများအပြား သေကြေခဲ့ရတယ်။ ၂၀၀၄ခုနှစ် ဇွန်လမှာတော့ ဘရာဇီးလ်နိုင်ငံမှာ အခိုင်အမာ ဆောက်ထားပေမယ့် ပေါက်သွားတဲ့အခါ လူတွေများစွာ သေကြေခဲ့ရတယ်။ ၂၀၀၄ခုနှစ်မေလတုန်းက တရုတ်နိုင်ငံမှာ ရေကာတာ ပေါက်ကွဲလို့ လူတွေများစွာ စတေးကုန်ကြတယ်။ နောက်ပါကစ္စတန်က နောင်တမရဘဲပြန်လုပ်တယ်။ ၂၀၀၅ဖေဖေါ်ဝါရီလမှာ ပေါက်ထွက်သွားတယ်။ အများကြီးသေကြေခဲ့ရတယ်။ ၂၀၀၇ဧပြီလမှာဆိုရင် အိန္ဒိယမှာ ရေကာတာပေါက်ကွဲလို့ လူအများအပြား သေကြေခဲ့ရတယ်။ ဒီလိုနဲ့ ခိုင်ခံ့အောင် လုပ်ထားပါတယ်ဆိုတဲ့ ရေကာတာတွေ ကျိုးပေါက်ပြီး လူတွေမြောက်များစွာ သေကြေခဲ့ရတာပဲ။
ယနေ့ကနော်ပြောချင်တာက နည်းပညာပိုင်းမှာ ဘယ်လောက်ပဲ အာမခံနေပါစေ၊ သဘာဝကိုတော့ မလွန်ဆန်နိုင်ဘူး။ ငလျင် ရိတ်တာစကေး ဘယ်လောက်လာလိမ့်မယ် ဆိုတာလဲ ဘယ်သူမှ ကြိုတင် မသိနိုင်ဘူး။ သူတို့က ကျနော်တို့ဒေသခံ ပြည်သူတွေကို အမျိုးမျိုးမက်လုံးပေးတယ်။ ခိုင်ခံ့အောင် ဆောက်လုပ်မယ်။ သေသွားရင်လဲ လျော်ကြေးပေးမယ်။ တကယ်တော့ အလောင်းတောင် ရှာတွေ့တော့မှာ မဟုတ်ဘူး။ အားလုံးတစ်ခါထဲ ပင်လယ်ထဲကိုပါသွားမယ်။ မြစ်ဆုံကနေ မြစ်ဝကျွန်းပေါ်အထိ မိုင်ပေါင်း ၁၃၄၈မိုင် ရှိတယ်။ မြို့တွေ၊ ရွာတွေ၊ အိုးတွေ၊ အိမ်တွေ၊ ခြံတွေ၊ လယ်ယာတွေ မရေတွက်နိုင်အောင်ရှိတယ်။ လူတွေ သန်းပေါင်းများစွာရှိတယ်။ အကုန်လုံးပျောက်ကွယ်သွားမယ်။ ဒီတော့လျော်ကြေးပေးဖို့ ဘယ်မှာသွား စုံစမ်းမှာလဲ။ ဘယ်သူ့ကိုသွားပေးတော့မှာလဲ။ လုံးဝလက်ခံနိုင်စရာ အကြောင်းမရှိတဲ့ မက်လုံးမျိုးနဲ့ ကျနော်တို့ကို မျူဆွယ်နေတယ်။ ကျနော်တို့က လုပ်ပေးပါဦးဆိုပြီး တောင်းဆိုခဲ့တာမဟုတ်။ သူတို့ကပဲ လုပ်ကြရအောင်၊ လုပ်ကြရအောင်ဆိုပြီး ကျနော်တို့ အစိုးရကို မရမကပူဆာလို့၊ မက်လုံးအမျိုးမျိုးနဲ့ မျူဆွယ်လို့ ဖြစ်လာရတဲ့ ကိစ္စဖြစ်တယ်။
ကျနော်တို့နိုင်ငံမှာလဲပဲ တရုတ်ပညာရှင်တွေထက် အတွေ့အကြုံရင့်ကျက်တဲ့ ပညာရှင်တွေရှိတယ်။ လိုအပ်ရင် ကျနော်တို့ တည်ဆောက်မှာပေါ့။ မလိုလို့မဆောက်တာပဲ။ ကျနော်တို့ တည်ဆောက်ရင် ၁၀% မဟုတ်ဘူး၊ ၉၀% လဲမဟုတ်ဘူး၊ ၁၀၀% အပြည့် ကျနော်တို့အသုံးပြုနိုင်မှာဖြစ်တယ်။ သူတို့လာဆောက်ရင် ၁၀%ပေးမယ်။ နောက်နှစ်ပေါင်း ၅၀ ကြာရင် အားလုံးပေးမယ် ဆိုတဲ့စကားတွေ လုံးဝလက်မခံနိုင်ဘူး။ ဒီမြစ်ဆုံရေကာတာ တစ်ခုထဲမဟုတ်ဘူး၊ အင်မိုင်ခ ဖက်မှာ အခြားရေကာတာ စီမံကိန်း (၆) ခုရှိသေးတယ်။ ရီဒမ်မှာ မီဂါဝပ် ၁၂၀၀ ထွက်မယ်။ ခေါင်လန်ဖူးမှာ မီဂါဝပ် ၁၇၀၀ ထွက်မယ်။ နောက် ၀န်စုတ်မှာ မီဂါဝပ် ၂၀၀၀ ထွက်မယ်။ ၀န်စုတ်ရဲ့အောက်နား ဖီဇော်မှာ မီဂါဝပ် ၁၈၀၀ ထွက်မယ်။ ချီဖွေအထက်မှာ မီဂါဝပ် ၂၈၀၀ ထွက်မယ်။ ချီဖွေနားမှာ မီဂါဝပ် ၉၉ ထွက်မယ်။
နောက်ပြီး မလိခဖက်မှာလဲ ခရန်ခဖြစ်ဆုံရဲ့ အောက်နား လာဇာမှာ မီဂါဝပ် ၁၉၀၀ ထွက်မယ်။ မြစ်ဆုံရဲ့အထက်ပိုင်းမှာ ရေကာတာပေါင်း (၇)ခုရှိတယ်။ ဒီလိုနဲ့ဒီမြစ်ဆုံရေကာတာ ကြောင့် ရေလွှမ်းမိုးသွားမယ့် ဧရိယာမှာ စတုရန်းမိုင် ၁၈၀၀ရှိမယ်။ ဒီမြစ်ဆုံရေကာတာ အပါအ၀င် ရေကာတာ (၈)ခု ဆောက်လုပ် ပြီးစီးသွားတဲ့အခါ ကျနော်တို့ ကချင်ပြည်နယ် သေးသေးလေးဟာ ထာဝရ ရေအောက်ကမ္ဘာသို့ ရောက်သွား တော့မယ်။ ရှိရှိသမျှ သက်ရှိသတ္တ၀ါတွေ၊ အဖိုးမဖြတ်နိုင်တဲ့ ဆေးမြစ်တွေ၊ သစ်တွေဝါးတွေ၊ တာယံဇာတတွေ ထာဝရရေအောက်ကို ရောက်သွားမယ်။ ဘယ်လိုမှ ထုတ်ယူလို့မရတော့ဘူး။ ဒါတွေကို ကြည့်လိုက်တဲ့အခါ ဆုံးရှုံးမှု တန်ဖိုးဟာ မနည်းဘူး။ ရေကာတာကြီး ပေါက်သွားရင်လည်း ဒီကစပြီး မြစ်ဝကျွန်းပေါ်အထိ သေကြေပျက်စီးကုန်ကြမှာဖြစ်တယ်။
ဒါ့ကြောင့် ဒီအန္တရာယ်ကိုမဖြစ်ခင် ကြိုတင်ကာကွယ်ဖို့ဖြစ်တယ်။ ဒီမြစ်ဆုံရေကာတာ တစ်ခုအတွက်သာ မဟုတ်ဘဲ၊ မေခဘက်က (၆)ခု၊ မလိခဘက်က တစ်ခု၊ စုစုပေါင်း (၈) ခုအတွက် ကန့်ကွက်ဖို့လိုတယ်။ တားဆီးဖို့လိုတယ်။ အသံထွက်ဖို့လိုတယ်။ ပြည်သူတွေရဲ့အသံထွက်မှ၊ ၎င်းအသံကို နိုင်ငံခေါင်းဆောင်တွေ ကြားသိမှ၊ သူတို့ချင့်ချိန် သုံးသပ်ဆုံးဖြတ်နိုင်မှ၊ ဒီမိုကရေစီသက်ရောက်မှ ဤစီမံကိန်းတွေကို တားဆီးပေးနိုင်မှာဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေဟာ ကိုယ့်ယူဆချက်၊ ထင်မြင်ချက်၊ လိုလားချက်တွေကို ရဲရဲဝံ့ဝံ့ တင်ပြရအောင်၊ တောင်းဆိုရအောင် ဆိုပြီး အားလုံးကို ဖိတ်ခေါ်ပါတယ်။
တရုတ်တွေကိုလဲပဲ ယခုလိုလူတွေရဲ့ အသက်အိုးအိမ် မြောက်များစွာကိုခြိမ်းခြောက်စေတဲ့ အန္တရာယ်ပြုတဲ့ လုပ်ရပ်မျိုးကို ရှောင်ရှားပြီး၊ အခြားအန္တရာယ်ကင်းတဲ့ နေစွမ်းအင်၊ လေစွမ်းအင်စတဲ့ သဘာဝစွမ်းအင်တွေကို အသုံးပြုရန်၊ ထုတ်လုပ်ရန်၊ အကြံပြုပေးသင့်ကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။
မြစ်ဆုံရေကာတာကို ကန့်ကွက်သူတစ်ဦး။


MATUT HTI NA »

မြစ်ဆုံဆည်စီမံကိန်းကို ခုတုံးလုပ်၍ စီးပွားရှာ။

၃၁-၃-၂၀၁၂။

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားခြင်းမရှိကြောင်းနှင့် ဆက်လက်လုပ်ကိုင်နေလျှက်ရှိရာ၊ မကြာမီ မြစ်ဆုံဆည် ပိတ်လိုက်သည့်အခါ ရေနှစ်သွားမည့် နေရာတွေရှိသော ပြည်သူများ၏ ကျေးရွာ၊ ဥယျဉ်ခြံမြေများ ရွှေ့ပြောင်းပေးရမည်။ နစ်နာမှုမရှိအောင် တစ်ဧကလျှင် ကျပ်သိန်း (၂၀) စီလျော်ကြေး ပေးမည်ဟု ပြော၍ မေခမြစ်ကမ်းဘေးရှိ ရှငေါရွာနှင့် မန်ဒေါင်ဒေသရှိ လိမ္မော်ခြံ၊ ဘုရားကျောင်းနှင့် စာသင်ကျောင်းများကို အတင်းရွှေ့ခိုင်းနေကြပါသည်။ ထိုသို့ ရွှေ့ပြောင်းခိုင်းသူတို့မှာ အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်၏ဇနီး ဒေါ်နန်ဆိုင်းနှင့် ဦးလရစ်ဆိုသူတို့နှစ်ဦး ဖြစ်ကြပြီး ရွှေကျင်လုပ်ငန်း လုပ်ကိုင်သူများမှာ တရုတ်နိုင်ငံ သားများ ဖြစ်ကြောင်း ဒေသခံပြည်သူများက မကျေမနပ် ပြောဆိုနေကြပါသည်။

မြစ်ဆုံဒေသတွင်လည်း ကချင်ပြည်နယ်လွတ်တော်ဥက္ကဋ္ဌ ဦးရာဝမ်ဂျူံးနှင့် ပြည်နယ်အတွင်းရေးမှူး ဦးအောင်မင်း (ပြောင်း) တို့ဦးစီးသော ခါကာဘိုကုမ္ပဏီမှ ရွှေတူးဖေါ်၍ ပျက်စီးခဲ့ရသည်။ ၎င်းနေရာဒေသတွင် ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက အေးရှားဝေါကုမ္ပဏီနှင့် ပူပေါင်း၍ ဆက်လက်လုပ်ကိုင် ဆောင်ရွက်ရန် ကြံစီကာ ဒေသခံပြည်သူများကို မောင်းထုတ်လျှက်ရှိကြောင်း သိရှိရပါသည်။

ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းသည် အေးရှားဝေါကုမ္ပဏီနှင့် ပူပေါင်း၍ မြေကွက်များကို ၀ယ်ယူစုဆောင်းလျှက်ရှိရာ မရောင်းပေးသူများကိုလည်း သိမ်းပိုက်ယူမည်ဟု ခြိမ်းခြောက်နေကြောင်း ပြောဆိုနေကြပါသည်။ စာရေးဝန်ထမ်းတစ်ဦးကိုမှ ခန့်ထားပိုင်ခွင့်မရှိတဲ့ ပြည်နယ်ဝန်ကြီးချုပ်ဟာ ဘိန်းဘုရင်မျိုးဆက်အုပ်စုနဲ့ ပူးပေါင်းလက်တွဲ ၍ စီးပွားရှာတော့မည်ဟု ယူဆနေကြပါသည်။

စီတာပူရပ်ကွက်တွင် အမှတ်(၃)စည်ပင်သာယာဈေး ဆောက်လုပ်ရန် စိတာပူရပ်ကွက် င်္သချိုင်းကုန်းကို နေ့ချင်းညချင်း ဖယ်ရှားခိုင်းလျှက်ရှိသည်။ ၎င်း အမှတ်(၃)စည်ပင်သာယာဈေးကို အေးရှားဝေါကုမ္ပဏီမှ ဆောက်ပေးမည် ဖြစ်သော်လည်း နိုင်ငံတော်မှ စည်ပင်သာယာဘတ်ဂျက်ဖြင့် ဆောက်ပေးသည့်အလား စာရင်းတင်ပြနိုင်ရန် ခွင့်ပြုချက်ယူမည်ဖြစ်သည်။ ဤအကြံအစည်နှင့် စီမံကိန်းအသေးစိတ်ကို အေးရှားဝေါ ကုမ္ပဏီမှ ဦးထွန်းမြင့်နိုင်နှင့် ဦးလဂျွန်ငန်ဆိုင်းတို့ ညှိနှိုင်းထားကြောင်း အစိုးရရပ်ကွက်မှ ထွက်ပေါ်လာသော သတင်းအရ ကြားသိရပါသည်။

မြစ်ဆုံဒေသကို နိုင်ငံတော်ပိုင် နေမြေပြုလုပ်မည်။ လူမနေပါက ရေနှစ်သော်လည်း လူထုထိခိုက်မှု မရှိနိုင်။ ထို့ကြောင့် လူမနေအောင် အရင်စီစဉ်မောင်းထုတ် ဖယ်ရှားပြီးသည့်နောက် မြစ်ဆုံရေကာတာ စီမံကိန်းကို အေးအေးဆေးဆေး ဆက်လက်အကောင်အထည် ဖေါ်သွားရန် ဦးထွန်းမြင့်နိုင်နှင့် ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းတို့ ညှိနှိုင်းဆောင်ရွက်လျှက်ရှိကြောင်း ခိုင်လုံသောသတင်းရပ်ကွက်မှ ကြားသိရပါသည်။

မေခ-မလိခ ရင်သွေးငယ်


MATUT HTI NA »

မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့

မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သတင်းရရှိပါသည်။

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က စက်တင်ဘာလ ၃၀ ရက်နေ့တွင် လွှတ်တော်သို့ အချက် (၁၀)ချက်ပါသည့် သ၀ဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။
အဆိုပါအချက် ၁၀ ချက်ထဲတွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မိမိတို့အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဆိုသည့်အချက် ပါဝင်ကြောင်း၊ နိုင်ငံတော်သမ္မတ ဦသိန်းစိန်မှ မြစ်ဆုံဆည် တည်ဆောက်ခြင်း ရပ်ဆိုင်းရသည့်အပေါ် မိမိတို့အစိုးရသည် ပြည်သူဆီမှ ဆင်းသက်လာသည့် အခွင့်အာဏာအရ တာဝန်ယူလုပ်ဆောင်ကြခြင်းဖြစ်၍ အများပြည်သူ ဆန္ဒအရ မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မိမိတို့ အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပေးပို့ထားခြင်းဖြစ်သည်။

“မိမိတို့အစိုးရသည် ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်သည်နှင့်အညီ ပြည်သူများ၏ဆန္ဒကို အလေးထားရပါသည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။ သို့ပါ၍ မိမိတို့ အစိုးရလက်ထက်တွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည် ဖြစ်ပါသည်။ နိုင်ငံတော်အတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အန္တရာယ်မရှိနိုင်သည့် အခြားသော ရေအားလျှပ်စစ် စီမံကိန်းများကိုသာ စနစ်တကျ လေ့လာဆန်းစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံ ဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ချုပ်ဆိုထားသည့် အဆိုပါစီမံကိန်းနှင့် သက်ဆိုင်သော စာချုပ်စာတမ်းများကို မိတ်ဝတ်မပျက်စေဘဲ သဘောတူညှိုနှိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးအကြောင်းကြား အပ်ပါသည် “ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လွှတ်တော်သို့ ပေးပို့သော သ၀ဏ်လွှာတွင် ဖေါ်ပြပါရှိပါသည်။

Eleven Media Group


MATUT HTI NA »

MALI HKA MADIM HTE SENG NNA KDNG A N DAU

ကချင်လူမှုဖွံ့ဖြိုးရေး ကွန်ယက်၏ သတင်းထုတ်ပြန်ချက်


MATUT HTI NA »