Slideshow Image 2

ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောကွင်းနှင့် ဈေးရောင်းပွဲတော် ဖွင့်လှစ်

ခိုင်လင်း

ဇန်နဝါရီ (၁ဝ) ရက်နေ့တွင် ကျရောက်သည့် (၆၂) နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် မနောကွင်းနှင့် ဈေးရောင်းပွဲတော်ကို မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ မနောကွင်းတွင် ယနေ့စတင် ဖွင့်လှစ်လိုက်သည်။

ကချင်မနောပွဲများ၏ ထုံးတမ်းစဉ်လာအရ ကွင်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ကာ ဈေးပွဲတော်နှင့် အားကစား ပြိုင်ပွဲများကိုလည်း စတင်ကျင်းပခဲ့ပြီး ဇန်နဝါရီ (၁၁) ရက်နေ့အထိ ကျင်းပသွားရန်ရှိသည်ဟု ဒေသခံ ကချင်မျိုးသားတဦးက ပြောသည်။

၎င်းက “အခုလ (၇) ရက်နေ့မှ မနောပွဲဖွင့်မှာ။ အဲဒီနေ့မှ ကချင်ပြည်နယ်ထဲက တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့တွေ၊ ငြိမ်းအဖွဲ့တွေနဲ့ လူကြီးတွေက တရားဝင်ဖွင့်မှာ။ ဒီနေ့က အဲဒီမနောကမယ့် ကွင်းနဲ့ ဈေးရောင်းပွဲတော်ကို ဖွင့်တာပေါ့။ အဲဒီမှာ စားသောက်ကုန်တို့၊ အဝတ်အထည်တို့၊ အစိုးရ စက်မှုဝန်ကြီးဌာနထုတ်တို့ အဲဒါတွေ ရောင်းတာပေါ့။ ပုဂ္ဂလိကပိုင်းက လာရောင်းတာလည်းရှိပါတယ်။ လေးကောင်ဂျင်၊ ခြောင်ကောင်ဂျင်လိုမျိုး လောင်းကစားတာတွေလည်းရှိတယ်” ဟု ပြောသည်။

ယခုကဲ့သို့ စတင်ဖွင့်လှစ်သည့်နေ့တွင် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဒေသအသီးသီးမှ ဆိုင်ကယ်များဖြင့် လာရောက်သူများ ရှိခဲ့ပြီး ယာဉ်ထိန်းရဲများက ရှောင်တခင် စစ်ဆေးဖမ်းဆီးမှုများလည်း ရှိသည်ဟု မြစ်ကြီးနားမြို့ခံတဦးက ပြောသည်။

၎င်းက “အခုက တရုတ်ဆိုင်ကယ်တွေနဲ့ သွားလာကြတဲ့ ခေတ်လိုဖြစ်နေတော့ ပွဲကို ဒါတွေနဲ့ပဲ လာကြတာများတယ်။ တဝက်လောက်က လိုင်စင်မဲ့တွေ များတယ်။ အဲဒါကို မော်တော်ပီကယ်တွေက အခွင့်ကောင်းယူပြီး ဖမ်းလား ဆီးလား လုပ်တာ။ အတော်များများ အဖမ်းခံရတယ်။ ဘယ်လို ဆက်လုပ်မယ်ဆိုတာတော့ မသိရသေးဘူး။ ပွဲခင်းသွားတဲ့ လမ်းထောင့်တွေမှာ အဓိက ဖမ်းခဲ့တာ” ဟု မြစ်ကြီးနားဒေသခံက ပြောသည်။

ကချင်ပြည်နယ်နေ့အထိမ်းအမှတ် ပွဲတော်ကို ဇန်နဝါရီ (၁၁) ရက်နေ့ထိ ကျင်းပမည်ဖြစ်ပြီး လေးဖြူ၊ အငဲ၊ ဝိုင်ဝိုင်း စသည့် အဆိုတော်များ ပါဝင်သည့် Iron Cross တီးဝိုင်းလည်း လာရောက်ဖျော်ဖြေရန်ရှိပြီး အဆိုပါပွဲတော်သို့ ရန်ကုန်အခြေစိုက် သံရုံးအချို့မှ နိုင်ငံခြားသားများ၊ တရုတ်ပြည်ဘက်မှ ဧည့်သည်တော်များလည်း လာရောက်တက်ရောက်ရန် ရှိသည်ဟု မြစ်ကြီးနားမြို့ခံက ပြောသည်။

ခေတ်ပြိုင်

0 comments:

Post a Comment