Slideshow Image 2

ကချင်တိုင်းရင်းသားတို့၏ ရပိုင်ခွင့်များ ကေအိုင်အို တင်ပြမည်

ခိုင်လင်း

ဒီဇင်ဘာ (၂၉) ရက်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူးနှင့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း နအဖဘက်က တောင်းဆိုမှုအရ ကချင်တိုင်းရင်းသားများ၏ ရပိုင်ခွင့်အခွင့်ရေးများကို ကေအိုင်အိုအဖွဲ့က တင်ပြရန်ရှိသည်။

၁၉၄၇ ခုနှစ်၊ ပင်လုံသဘောတူညီချက်အရ တိုင်းရင်းသားများ၏ တန်းတူညီမျှမှုကို မြန်မာစစ်အစိုးရဘက်က လက်ခံမည်ဆိုလျှင် ကေအိုင်အိုအဖွဲ့အနေဖြင့် လက်နက်ကိုင်တော်လှန်ရေး စွန့်လွှတ်သွားမည်ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ ပြီးခဲ့သည့်နှစ်၊ အောက်တိုဘာအတွင်း စာရေးသားပေးပို့ပြီး နောက်ပိုင်း နှစ်ဖက် ပြန်လည်တွေ့ဆုံမှု ပြုလုပ်စဉ် ကချင်တိုင်းရင်းသားများ၏ ရပိုင်ခွင့် အခွင့်အရေးများကို အသေးစိတ် စာရေးတင်ပြရန် နအဖဘက်က တောင်းဆိုထားသည်ဟု အဆင့်မြင့် ကေအိုင်အိုအရာရှိတဦးက ပြောသည်။

၎င်းက “သူတို့ဘက်က ကျနော်တို့ ကချင်တိုင်းရင်းသားတွေရဲ့ လိုလားချက် အခွင့်အရေးတွေကို စာနဲ့ တရားဝင် တင်ပြခိုင်းနေတယ်။ အဲဒါ ဘယ်အချိန် ပြန်ပြီး တင်ပြရမယ်ဆိုတာတော့ အချိန် သတ်မှတ်ထားတာ မရှိပါဘူး။ ကျနော်တို့ အဲဒါတွေကို အချိန်ယူဆွေးနွေးပြီးမှ တင်ပြနိုင်မှာပါ” ဟု ပြောသည်။

နိုင်ငံရေးကိစ္စကို နောင်တက်လာမည့်အစိုးရဖြင့်သာ ဆွေးနွေးရန်ဆိုပြီး အပစ်ခတ်ရပ်အဖွဲ့များကို ပြောဆိုထားခဲ့သည့် နအဖအနေဖြင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဆွေးနွေးမှုများမှတဆင့် နိုင်ငံရေးဆွေးနွေးမှုဘက်သို့ ဦးတည်လာမှုသည် တိုင်းပြည်အတွက် အလားအလာကောင်းတရပ်ဖြစ်သည်ဟု ကချင်ဘာသာရေးဆရာတဦးက ပြောသည်။

၎င်းက “အဲဒီတန်းတူညီမျှရေးဆိုတာ အစောပိုင်းတည်းက ရှိနေရင် ကေအိုင်အေ ပေါ်လာစရာလည်း မလိုဘူး။ အဲဒါကို ဆွေးနွေးမယ်ဆိုတော့ တော်လှန်ရေး အစတုန်းက အခြေအနေဘက် ပြန်ရောက်သွားတာပဲ။ တိုင်းရင်းသားအခွင့်အရေး တောင်းဆိုချက်တွေကို အခြား ဘာသာရေးဆရာတွေ၊ ကချင်လူထု ရပ်မိရပ်ဖ၊ ပညာတတ်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတိုင်ပင်သင့်တယ်။ အလားတူပဲ ဘော်ဒါဂတ်နဲ့ ပတ်သက်လို့ ဆွေးနွေးနေတဲ့ ကျန်အဖွဲ့တွေလည်း အခုလိုမျိုး ဖြစ်လာမယ်ဆိုရင်တော့ အေးအေးချမ်းချမ်းနဲ့ လူထုတွေ မထိခိုက် မနစ်နာဘဲ အသွင်ပြောင်းနိုင်မယ်” ဟု ပြောသည်။

တိုင်းရင်းသားများအပေါ် နိုင်ငံတော်အစိုးရက တန်းတူညီမျှမှုအခွင့်အရေး မပေးမှုနှင့် ဆောင်ရွက်ပြုမူနေပုံကို မကျေနပ်ကြသည့် ကချင်ကျောင်းသားများက ဦးဆောင်ပြီး ၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်တွင် ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) ကို တည်ထောင်ကာ အစိုးရအဆက်ဆက်အား တိုက်ခိုက်ပုန်ကန်နေရာမှ ၁၉၉၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် နှစ်ဖက် အပစ်ခတ်ရပ်စဲရေးအတွက် လက်မှတ်ရေးထိုးခဲ့ကြသည်။

၂ဝဝ၉ ခုနှစ်၊ ဧပြီ (၂၈) ရက်နေ့တွင် မပခတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းက ကေအိုင်အိုအဖွဲ့အား နယ်ခြားစောင့်တပ် အသွင်ပြောင်း ဖွဲ့စည်းရန် ပြောဆိုလာပြီးနောက် ကေအိုင်အိုနှင့် နအဖအကြား အကြိမ်ကြိမ် တွေ့ဆုံမှုရှိနေခဲ့ရာ ယခုဆိုလျှင် (၁ဝ) ကြိမ်မြောက် တွေ့ဆုံမှုဖြစ်သည်။

ခေတ်ပြိုင်

0 comments:

Post a Comment